Home သတင်း ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း မူးယစ်ဆေးပျံနှံ့ရောင်းဝယ်သုံးစွဲမှုမြင့် တက်လာနေ

ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း မူးယစ်ဆေးပျံနှံ့ရောင်းဝယ်သုံးစွဲမှုမြင့် တက်လာနေ

1163

မေလ ၁၀ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်တောင်ပိုင်း ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်၊ နယ်ခြား စောင့်တပ်-BGF ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ များအကြား ယခုတ လော မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှုပျံ့နှံ့ မြင့်တက် လာနေသည်ဟု ဒေသခံ များက ပြောသည်။

နှစ်ဖက်တိုက်ပွဲများ နေ့စဥ် နီးပါး ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များ ရှိနေ သည့် တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်း၊ ရွာသစ်ကုန်း၊ အံဖ၊ မြို့ဟောင်း လမ်းပိုင်းနှင့် ကျုံဒိုးဒေသကျေးရွာများဘက်တွင် စိတ်ကြွမူးယစ်ဆေးဝါး

(မြင်းဆေး) ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုများ ပုံစံမျိုးစုံဖြင့် ရောင်းချနေသည့်ကိစ္စမှာ ဒေသလူငယ်များ မူးယစ်ဆေးစွဲမည့် အခြေအနေကြုံတွေ့နေကြရကြောင်း ဒေသခံ ကျေးရွာသားတစ်ဦးက ယခုလို ပြောသည်။

“မြင်းဆေးက ရွာတိုင်းမှာရနေတယ်။ လက်နက်ကိုင် အဖွဲ့တွေ အကုန်လုံး သုံးနေကြတယ်။ ရောင်းတဲ့ သူကလည်း ပုံစံမျိုးစုံနဲ့ ရောင်းနေကြတယ်။ အဖမ်းအဆီးမရှိဘူး။ စစ်တပ်ရော လက်နက်ကိုင်ရော၊ BGF ရောအစုံပဲ သုံးနေ ကြတာ။ မြို့ကလာတဲ့စျေးကားနဲ့မှာယူလည်း လိုချင်တာဝယ်လို့ရတယ်။ ” ဟု ပြော သည်။

ထိုသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့လာမှုကြောင့် ဒေသခံစစ်ဘေးရှောင် ကျေးရွာမိသားစု ဝင် သားသမီးများ မူးယစ်ဆေးသုံးစွဲမှုမရှိစေရေး အချိန်ပြည့် စိုးရိမ်နေကြရကြောင်း ၎င်းရွာသားက ဆက်ပြောသည်။

၎င်းက “ ရွာက ကလေးတွေက စစ်ဘေးရှောင်နေရတဲ့အထဲ ကိုယ့်သားသမီးဆေး မစွဲဖို့ လိုက်ကြည့်နေရတာ အလုပ်တစ်ခုပိုလာတယ်။ တိုက်ပွဲတိုက်တာ တစ်ပိုင်း မြင်းဆေး ဖြန့်နေတာ တစ်ပိုင်းပဲ။ အခုက ရွာတွေဘက် အဲ့သလို ဖြစ်နေတာ ကိုယ့် ရွာသားလည်းမဟုတ်တော့ ရွာကလူကြီးလည်းမပြောရဲ ဘုန်းကြီးလည်း မပြော နိုင်ဖြစ်နေတယ် ”ဟု ပြောသည်။

ကော့ကရိတ် ဒေသ၊ မြဝတီ၊ ဝေါလေ ဒေသအတွင်း လှည့်လည်ရောင်းချသည့် စျေးရောင်းကား အချို့မှာ မူးယစ်ဆေးသယ်ဆောင် ရောင်းဝယ်မှုရှိနေပြီး ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA ထိန်းချုပ်ဒေသ၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားရာ ဒေသကျေးရွာများအထိပါ ရောင်းဝယ်သုံးစွဲနေမှုများ ရှိနေကြောင်း စစ်ကောင်စီတပ်ဘက်မှ KNLA ပူးပေါင်း တပ်ဖွဲ့များဘက် CDM ပြုလုပ်ခိုလှုံလာသည့် ရဲဘော်များက ပြောသည်။

“ကျနော်တို့ စစ်တပ်စစ်ကြောင်းမှာလည်း စစ်တပ်အရာရှိတွေ ရဲဘော်တွေဆေး သုံးကြတယ်။ ဆေးကရွာတွေလှည့်ရောင်းတဲ့ စျေးကားနဲ့မှာ လို့ရတယ်။

ရွာတွေက စျေးဆိုင်တချို့မှာလည်း ရတယ်။ ကျနော်တို့ သိရသလောက်က တောထဲ အဖွဲ့တွေလည်း ဆေးသုံးကြတယ်။ အပစ်ရပ်လက်နက်ကိုင် အဖွဲ့တွေလည်း သုံးကြ တယ်။ ပေါ်ပေါ်တင်တင်တော့မဟုတ်ပေမယ့်၊ ပိုက်ဆံရှိရင် လွယ်လွယ်ကူကူ ဝယ်သုံးလို့ရနေတာကြောင့် ကျနော်တို့လည်း ဝယ်သုံးဘူးခဲ့တယ် ”ဟု CDM ပြုလုပ် ခိုလှုံခဲ့သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၁၀၂ တပ်ရင်း မှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေမှုမှာ ဒေသအတွင်း စစ်ကောင်စီ နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်များတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း ပိုမိုမြင့်တက်လာနေသလို လောင်းကစားလုပ်ငန်းများ၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ ဒုစရိုက်မှုများ နေ့စဥ် ဖြစ်ပွားနှုန်း မြင့်တက်နေကြောင်း သိရသည်။

လတ်တလော အခြေအနေအရ စစ်ကောင်စီ ၊ BGF တပ်များဘက်မှ အုပ်ချုပ်ရေး ဒေသအတွင်း ဖြစ်ပွားနေသည့် အမှုအခင်းများအား ဖမ်းဆီးနှိမ်နှင်းအရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ စစ်ကောင်စီတပ်၊ စစ်ကောင်စီအကြီးအကဲ များ လုံခြုံရေး၊ မိမိတာဝန်ကျနေရာ လုံခြုံရေးကိုသာ အဓိကထား လုပ်ဆောင်နေကြရ သည့် အခြေအနေရှိနေကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။