Home သတင်း တညင်တိုက်ပွဲတွင် စစ်ကောင်စီ ၆ ဦးကျဆုံးပြီး ၎င်းတို့ထံ WY မြင်းဆေးများပါ သိမ်းဆည်းရမိ

တညင်တိုက်ပွဲတွင် စစ်ကောင်စီ ၆ ဦးကျဆုံးပြီး ၎င်းတို့ထံ WY မြင်းဆေးများပါ သိမ်းဆည်းရမိ

1121

မေလ ၁ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် တညင်ရွာအနီးတွင် မေလ ၉ ရက်နှင့် ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်နှင့် KNLA -ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၆ ဦးကျဆုံးကာ အရှင်ဖမ်းဆီးရမိထား သူများလည်းရှိသည်ဟု KNU တာဝန်ရှိသူထံမှ သိရသည်။

နယ်ခြားစောင့်တပ် -BGF အမှတ် ၁ဝ၂၂ တပ်ရင်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် ခြေလျင်တပ် ရင်း- ခလရ ၆၁၊ ၆၂ နှင့် မွန်ပြည်နယ် အာယုတောင်အခြေစိုက် ခမရ ၃၄၃ တပ်ရင်း ပူးပေါင်း တပ်ဖွဲ့တို့သည် မေလ ၉ ရက် နေ့ ညနေ ၄ နာရီဝန်းကျင်အချိန်တွင် မွန်ပြည်နယ်မှ ကရင်ပြည်နယ်သို့ ကား ၂၂ စီးဖြင့် စီးနင်းလာပြီး တညင်ရွာအနီးအရောက်တွင် KNLA တပ်ဖွဲ့ဝင်နှင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် ယနေ့ မေလ ၁ဝ ရက်၊ နံနက် ၆ နာရီ ဝန်းကျင်တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဟု KNU တာဝန်ရှိသူများထံမှ သိရသည်။

“ မနေ့ညနေမှာက သူတို့ဘက်က ၆ ဦးကျဆုံးတယ်။ ကားက ၄ စီး မီးလောင်တယ်။ အရှင်ဖမ်း မိထားတာလည်း ရှိတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိတယ်။ သူတို့ အလောင်းမှာ WY မြင်း ဆေးပြားတွေလည်း သိမ်းဆည်းရမိတယ်။ ဒီမနက်ပစ်ခတ်မှုမှာလည်း သူတို့ဘက် အထိအခိုက်အကျအဆုံးရှိတယ်” ဟု KNU ဝင်းရေးမြို့နယ် တာဝန်ရှိသူတစ်ဦးက ကေအိုင်စီ သို့ပြောသည်။

KNU ဝင်းရေးမြို့နယ် အနန်းကွင်းရွာ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာစခန်းထံသို့ လက်နက်၊ ရိက္ခာအင်အား လာရောက်ပို့ဆောင်စဉ် KNLA တပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အပြင် တိုက်လေယာဉ် ၂ စင်းဖြင့် လာရောက် ကင်းထောက်သည့်အတွက် ဌာနေလူထုများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် KNU ဝင်းရေးဒေသ ဝါပသဲရွာအနီး ပြီးခဲ့သည့် မေလ ၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်နှင့် မေလ ၈ ရက်၊ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်သည့်အတွက် KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၃ ဦး ကျဆုံးပြီး လူနေအိမ်အချို့မီးလောင်ခဲ့၍ အရပ်သား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တော်လှန်ရေးအဖွဲ့တို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

KNU ဝင်းရေးမြို့နယ် ဝင်းရော်ဒေသရှိ တောင်စွန်း၊ အနန်းကွင်း၊ လွတ်ရှမ်း၊ တံခွန်တိုင်ကျေးရွာတွင် စစ်ကောင်စီတပ်များ အခြေစိုက်စခန်းချနေထိုင်လျက်ရှိပြီး ကျေးရွာများဘက်သို့ မကြာခဏ လက်နက်ကြီး လှမ်းပစ်ခတ်လျက်ရှိသည်။ အဆိုပါ စစ်ကောင်စီတပ်များသည် စာသင်ကျောင်းများနှင့် ကျေးရွာများအနီးတွင် မိုင်းထောင်ထားသလို စခန်းရှေ့ အများပြည်သူသွားလာသည့် လမ်းမကြီး တွင်လည်း ဖြတ်သန်းသွားလာသူများအား စစ်ဆေးမေးမြန်းခြင်း၊ မကြာခဏ ခြိမ်းခြောက် ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံရွာသားများထံမှ သိရသည်။