စက်တင်ဘာလ ၂၆ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ယမန်နေ့က ကရင်တပ်ပူးပေါင်းတပ်ဖွဲ့များသည် ကြောင်လျှာကုန်းရှိ အစိုးရ စစ်တပ်များ အား ဝင်ရောက်ပစ်ခတ်ခဲ့ရာ အစိုးရတပ်ဘက်က ၄ဦးသေဆုံးခဲ့သည်ဟု ကရင်တပ်ဖွဲ့ဘက်က ပြောသည်။
စက်တင်ဘာလ ၂၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ကရင်ပူးပေါင်းတပ်ဖွဲ့များဖြစ်ကြသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အ မျိုးသား တပ်မတော်(ဒီကေဘီအေ) ကလို့ထူးဝါးဗျူဟာနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ကေအဲန်အယ်လ် အေ)တို့ပူးပေါင်းပြီး ကြောင်လျှာကုန်းစခန်းရှိ အစိုးရစစ်တပ် ခလရ(၉၇)နှင့် ခမရ(၃၅၇)တပ်ရင်းအား တစ်နာရီဝန်းကျင်ခန့် ဝင် ရောက်ပစ်ခတ်ခဲ့သည်ဟု ဒီကေဘီအေ၏ ပြောခွင့်ရသူ ဗိုလ်မှူးဆန်းအောင်က ပြောသည်။
“မနေ့က ၁နာရီအချိန်မှာ ကြောင်လျှာကုန်းမှာရှိတဲ့ ရန်သူ့တပ် ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ) ခလရ ၉၇နဲ့ တပ်မ(၂၂)က ခမရ(၃၅၇)တပ်ရင်းတွေကို ကျနော်တို့ ကလိုထူးဝါးဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးစီးပြီး ဝင်ရောက်ပစ် ခတ်တယ်။ ရန်သူ့ဘက်က ၄ဦး သေတယ်။ ကျနော်တို့ဘက်ကတော့ တယောက်မှ မထိဘူး။”ဟု ပြောသည်။
ထို့အပြင် ထိုနေ့မွန်းလွဲ ၃နာရီအချိန်တွင် ကော့ကရိတ်မြို့၏ အရှေ့မြောက်ဘက်ခြမ်း (၂၅)ကီလိုမီတာ အကွာအဝေးရှိ အောက်ဘိုတဲနေရာတွင် အဆိုပါပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်-မြဝတီကားလမ်းတွင် ပြေးဆွဲနေသော မှန်လုံကားတစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီမှ ဗိုလ်မှူးစောဆန်းအောင်အား မေးမြန်းရာ “ကြံ့ဖွံ့အစိုးရနဲ့ ကိုယ်ကျိုးကြည့်နေတဲ့ လက် နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီး စီးပွားရှာနေတဲ့ ကားမှန်သမျှကို လုပ်နိုင်သလောက် လုပ်ပါလို့ ကျနော်တို့ ဗိုလ်ချုပ်စောလား ပွယ်က ညွှန်ကြားထားပါတယ်။ သာမန်အရပ်သားဥစ္စာက လွဲရင်ပေါ့။ ဒါကြောင့် ကျနော်တို့လုပ်တာဖြစ်တယ်။”ဟု ပြန်လည် ဖြေကြားသည်။
ကားသမားများနှင့် ရင်းနှီးသူတစ်ဦးက “အခုမီးရှို့ခံလိုက်ရတဲ့ ကားသမားက အပြောမတတ်တာလည်း ပါတယ်။ ဟိုက တောင်း တာက ၂သိန်း။ အဲဒါကို ကားသမားက ၆သောင်းပဲပါတယ်။ ယူချင်ယူ မယူချင်နေဆိုတော့ လူတွေကို ဆင်းခိုင်းပြီး ကားကို မီး ရှို့ပစ်လိုက်တာပေါ့။ ကားပိုင်ရှင်က ဖြေရှင်းဖို့လိုက်ပါသေးတယ်။ ဒါပေမဲ့ မမှီတော့ဘူးလေ။ ကားမောင်းသူက ဘယ်ရှုံးမလဲ။ ကားအုံနာပဲ နစ်နာတာပေါ့။”ဟု ဆိုသည်။
အဆိုပါ မှန်လုံကားကြီး မီးရှို့သည့်အချိန်တွင် ကော့ကရိတ်မြို့ နေပူခံကုန်းရှိ အစိုးရစစ်တပ်၏ လက်နက်ကြီးတပ်ဖွဲ့မှ လက် နက်ကြီးများဖြင့် လှမ်း၍ပစ်ခတ်မှုများ အချိန်အတော်ကြာ လုပ်ခဲ့သေးသည်ဟု ဗိုလ်မှူးစောဆန်းအောင်က ဆက်ပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်ကလည်း နယ်ခြားစောင့်တပ်မှ ဗိုလ်ချစ်သူ လက်မှတ်ပါသည့် ဟိုင်းလက်ကားတစ်စီးကိုလည်း ဒီကေ ဘီအေ အဖွဲ့မှ မီးရှို့ခဲ့သေးသည်ဟုလည်း ကုန်သည်များနှင့် ကားသမားများက ပြောဆိုနေကြသည်။
ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် ဒီကေဘီအေ အဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလက မြဝတီ-ကော့ကရိတ် တောင်ပေါ်ကား လမ်းတွင် သွားလာနေသည့် ကားကြီးကားငယ်များကို တနှစ်စာ အခွန်ပေးဆောင်ရန် စာထုတ်ထားပြီးနောက် ကားသမားများ ထံမှ ငွေကောက်ခံနေခြင်းဖြစ်သည်။
အလားတူ စက်တင်ဘာလ ၂၄ရက်နေ့ ညနေ ၆နာရီကျော်အချိန်တွင် ဒီကေဘီအေ ကလို့ထူးဘောဌာနချုပ်စစ်ကြောင်းနှင့် ကေအဲန်အယ်လ်အေ(၂၀၁)တပ်ရင်းတို့ပူးပေါင်း၍ မြဝတီမြို့၏ တောင်ဘက်ခြမ်း ဝေါ်လေဒေသ၊ ဗျူဟာကုန်းရှိ ဗိုလ်မှူးကြီး ရဲမင်း ဦးစီးသည့် နည်းဗျူဟာ(၂)ကို ဆယ်မိနစ်ကျော် ဝင်ရောက်ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ကျဆုံးမှုကို မသိရှိရကြောင်း ကေအဲန်အယ်လ်အေဘက်က ပြောသည်။