Home သတင်း ကရင်နီတွင် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာပိုမိုခက်ခဲလာ

ကရင်နီတွင် စစ်ဘေးရှောင်ဦးရေ တိုးလာပြီး စားနပ်ရိက္ခာပိုမိုခက်ခဲလာ

1144
Photo: KnHRG

မေလ ၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား)ပြည်နယ်တွင် ၂၀၂၃ ခုနှစ်မှစတင်၍ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှု ပိုမိုလုပ်ဆောင် လာသည့်တချိန်တည်းတွင် စစ်ဘေးရှောင်ဦးရေ တိုးများလာသဖြင့် စားနပ်ရိက္ခာရရှိမှုလည်း ပိုမိုခက်ခဲလာကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ယခုလပိုင်းအတွင်း ထပ်မံတိမ်းရှောင်လာသူတိုးများလာပြီး ကူညီထောက် ပံ့မှုနည်းလာသဖြင့် အခက်အခဲအမျိုးမျိုးကြုံတွေ့နေရကြောင်း ဒေသခံစစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။

“စစ်ဘေးရှောင်တွေက တိုးလာပြီး အခုနောက်ပိုင်းလည်း ထောက်ပံ့မှုကနည်းလာတယ်။ နေရာထိုင်ခင်းကော၊ ဆန်၊ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေတော့ အခက်ခဲတွေအများကြီးရှိတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကရင်နီပြည်နယ်တွင် ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်မြေခံ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား စစ်ရေးတင်းမာလာမှုကြောင့် တစ်ပြည်နယ်လုံးရှိ လူထုထက်ဝက်နီးပါး စစ်ရှောင်နေကြရသည်။ ၂၀၂၂ခုနှစ်တွင် စစ်ဘေးရှောင် ၂ သိန်းရှိရာမှ ယခု၂၀၂၃ ခုနှစ်ထဲတွင် စစ်ရှောင်ဦးရေ ၅ သောင်းကျော် ထပ်မံတိုးလာပြီး အကူအညီအရရှိမှု အလွန်နည်းပါးလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG ဒါရိုက်တာ ကိုဗညားက ကေအိုင်စီသို့ ပြောသည်။

၎င်းက“၅ သောင်းဝန်းကျင်ထပ်တိုးလာတယ်။ ထောက်ပံ့မှုက ၂၀၂၃ ခုနှစ်မှာတော်တော်လေးကျသွားတယ်။ ပထမ ၃လမှာ စစ်ဘေးရှောင်‌တွေ စားနပ်ရိက္ခာထောက်ပံ့မှုဟာ လုံးဝရပ်သွားသလောက်ဖြစ်တယ်။‌ စစ်ဘေးရှောင်တွေ အတွက် အတော်လေးစိုးရိမ်စရာဖြစ်တယ်။ စားနပ်ရိက္ခာနဲ့ဆေးဝါးက လိုအပ်မှုအမြင့်ဆုံးအခြေနေမှာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: KnHRG

ကရင်နီပြည်နယ်ထဲရှိ စစ်ရှောင်များအတွက် အကူညီထောက်ပံ့မှု သယ်ဆောင်လာသည့် ရိက္ခာလမ်း ကြောင်းသည်လည်း စစ်ကောင်စီတပ်မှ ဂိတ်ချတားဆီးပိတ်ဆို့ စစ်ဆေးမှုများရှိသည့်အပြင် ဆေးဝါးသယ် ဆောင်မှုများလည်း ပိတ်ဆို့ထားသည့်အတွက် စစ်ရှောင်စခန်းများတွင် ဆေးဝါးလိုအပ်မှု အမြင့်ဆုံးအခြေအနေတွင်ရှိကြောင်းလည်း KnHRG ထံမှ သိရသည်။

“ထိုင်းအစိုးရကလည်း ဂိတ်‌တွေအသေချာထိုင်တယ်။ စစ်ကောင်စီကလည်း နယ်စပ်တောက်လျှောက်မှာ ရှိနေသေးတယ်။ ထိုင်းနိုင်ငံကနေပဲ စားနပ်ရိက္ခာနည်းနည်းတင်ပို့လို့ရတယ်။ အတွင်းပိုင်းကို လုံးဝပို့လို့မရဘူး။ တောင်ငူ၊ တောင်ကြီး၊ ပျဉ်းမနားလမ်းဘက်မှာ အဓိကတက်လာတဲ့လမ်းကြောင်းတွေ စစ်ကောင်စီက ပိတ်ဆို့ ထားတာ တစ်နှစ်ကျော်ပြီး။ စားနပ်ရိက္ခာအရပိတ်ဆို့တယ်။ ဆေးဝါးအရပိတ်ဆို့တယ်။ စားဆီသုံးဆီပါကန့်သတ်မှုတွေရှိတယ်။ နောက်ဆုံး မိုးကာကအစ ဖမ်းဆီးတာတွေ ပစ်တာခတ်တာမကြာခဏကြုံရတယ်။”ဟု ကိုဗညားက ဆက် ပြောသည်။

ထို့အပြင် စစ်ရှောင်စခန်းတွင် ရိက္ခာအခက်အခဲရှိလာသည့်အတွက် စစ်ရှောင်အချို့သည် ရွာထဲရှိ ရိက္ခာများ ပြန်လည်သယ်ယူသည့်အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်မှုလုပ်ဆောင်သည့်အပြင် စစ်ရှောင် နေရာအချို့တွင်လည်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှု ပါ လုပ်ဆောင်သည့်အတွက် စစ်ရှောင်ပြည်သူများ ထိခိုက်သေဆုံးမှုများလည်းရှိသည်ဟု သိရသည်။

ကရင်နီပြည်နယ်တွင် တိုက်ပွဲများနေ့စဥ်လိုလိုဖြစ်ပွားလျက်ရှိရာ လက်ရှိအချိန်တွင် စစ်ဘေး တိမ်းရှောင်နေသည့်ဒေသခံ စစ်ရှောင်ဦးရေ ၂ သိန်းခွဲအထိရှိလာကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG)ထံမှ သိရသည်။