မေလ ၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီမှရှေ့တန်းစစ်မြေပြင်သို့ လက်နက်ခဲယမ်းရိက္ခာများပို့ဆောင်ရန် လမ်းလုံခြုံရေးယူပေးနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ များ မေလ ၂ရက်နေ့တွင် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ ကြောင်း မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့(မေလ ၄ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏ ရှေ့တန်းစစ်မြေပြင်သို့ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများပို့ဆောင်ရန် လမ်း လုံခြုံရေး တာဝန်ယူထားပေးရသော BGF တပ်နယ် (၃) နီကန်စခန်းကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA အမှတ် ၅ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNU ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော BGFတပ်ဖွဲ့ဝင်များထဲတွင် တပ်ခွဲမှူးတစ်ဦး၊ ဒုခွဲမှူးတစ်ဦးနှင့် တပ်ကြပ်ကြီး တစ်ဦးလည်းပါဝင်ပြီး ၎င်းတို့ထံမှ AR(၅)လက်နှင့်အတူ ကျည်ဆံ အပြည့်ပါ ကျည်ဘောက်(၁၆)ချပ်၊ ၉မမ ပစ္စတို တစ်လက်၊ RPG-7 တစ်လက်၊ ဗုံးသီး(၆)လုံး၊ NATO-နတ်တိုးစက်လတ်တစ်လက်၊ ၎င်း၏ကျည် (၅၀၀)လုံးနှင့် ဆက်သွယ်ရေးစကားပြောစက်(၂)လုံးကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်စဉ်အတွင်း BGF တပ်ဖွဲ့ဘက်မှ ကျဆုံးမှုများရှိခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်ဘက်မှလည်း ရဲဘော် ၂ ဦးကျဆုံးခဲ့ပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင် ဘက်ကထုတ်ပြန်ထားသည်။
KNU တပ်မဟာ (၅) နယ်မြေအတွင်း ဝင်ရောက်စခန်းချနေသည့် စစ်ကောင်စီတပ်စခန်းများသည် နယ်မြေခံ KNLA တပ်ဖွဲ့ဝင်များ၏ အဆင့်ဆင့်သော လမ်းကြောင်းဖြတ်တောက်တိုက်ခိုက်မှုများကြောင့် ရှေ့တန်းစခန်းများတွင် လက်နက်ခဲယမ်း ရိက္ခာမရောက်နိုင်သည့်ပြဿနာများကြုံတွေ့နေရပြီး ၎င်းအတွက် BGF တပ်ဖွဲ့ဝင်များက ကူညီပို့ဆောင်ပေးနေရသလို လမ်းလုံခြုံရေး ရယူပေးရခြင်းလည်းဖြစ်သည်။
အလားတူ တော်လှန်ရေး အင်အားစုများကို ရိက္ခာဖြတ်တောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖာပွန်− ကမမောင်း လမ်းပိုင်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် (BGF) တပ်ဖွဲ့တို့က ဧပြီလမှစ၍ အခြေခံစား သောက်ကုန်အများအပြား သယ်ယူခြင်းကို တစ်လလျှင် ၅ ရက်ခန့် သာ သယ်ယူခွင့်ပြုထားကြောင်း ဒေသခံ များက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖာပွန်မြို့နယ်နှင့်နီးစပ်သည့်ကျေးရွာများအတွင်းသို့ လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများကို မကြာခဏ လုပ်ဆောင်နေသောကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ထွက်ပြေး တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



















