ဧပြီလ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့အမှတ် ၃ ရပ်ကွက်၊ မြို့မဘောလုံးကွင်းတွင် ပြည်နယ်စစ်ကောင်စီ ဦးဆောင်ကျင်း ပသည့် အတာသင်္ကြန်အကြိုနေ့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို KNU-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေး တက်ရောက်ခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သည့် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလဆုတ် ၉ ရက်နေ့သည် မဟာသင်္ကြန်ပွဲအကြိုနေ့ စတင်ကျ ရောက်လျက်ရှိ သည့်အတွက် ပြည်နယ်ကောင်စီအဖွဲ့များမှ ဖားအံမြို့ ကမ်းနားလမ်းတစ်လျှောက်ရှိ သင်္ကြန်မဏ္ဍပ်များနှင့် ၎င်းတို့ ဗဟို မဏ္ဍပ်များအား ယနေ့နံနက် ၈ နာရီအချိန်တွင် အသီးသီးဖွင့်လှစ်ခဲ့သည်။
ယနေ့ ဗဟိုမဏ္ဍပ်ဖွင့်လှစ်ပွဲသို့ ပြည်နယ်ကောင်စီဥက္ကဋ္ဌ စောမြင့်ဦး၊ နယ်လုံဝန်ကြီးနှင့် အခြားဌာနဆိုင်ရာဝန်ကြီး များအပြင် KNU ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး မြို့ပေါ်ရှိ မဏ္ဍပ်အ သီးသီးများတွင်လည်း ပြည်သူလူထုများလာရောက်ဆင်နွှဲမှုမရှိဘဲ စစ်ကောင်စီ၏ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ၎င်းတို့နှင့်နီးစပ်သူများသာ လာရောက်ပူးပေါင်းဆင်နွှဲကြသည်ဟု သိရှိရသည်။
ဖားအံမြို့ခံတစ်ဦးက “စစ်ကောင်စီလုံခြုံရေးတွေနဲ့ သူတို့နီးစပ်သူတွေပဲ သင်္ကြန်ကို ဟန်ပြလုပ်ကြတာပါ။ သူတို့မဏ္ဍပ်တွေ ဘယ်သူမှ မသွားကြဘူး” ဟု ကေအိုင်စီ သို့ပြောသည်။
ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့တစ်မြို့လုံးတွင် ယနေ့သင်္ကြန်အကြိုနေ့၌ ရေကစားသူ မရှိသလောက်နည်း ပါးပြီး မဏ္ဍပ်များအသီးသီးတွင် စစ်ကောင်စီ လက်အောက်ခံ လုံခြုံရေးအဖွဲ့ဝင်များသာတွေ့ရှိရသည်ဟု ဖားအံမြို့ ခံများက ပြောသည်။

“တစ်နိုင်ငံလုံးကို လူမဆန်စွာ သတ်ဖြတ်မီးရှို့နှိပ်စက်နေတဲ့ စစ်ကောင်စီနဲ့ သွားပြီးပူးပေါင်းတဲ့လုပ်ရပ်ဟာ ကရင် လူထုကို မလေးစားရာရောက်သလို သူ့ခရိုင်က အရာရှိအရာခံ ဌာနဆိုင်ရာတွေကိုပါ ကိုယ်ချင်းစာ တရားမရှိသလို ဖြစ်နေတယ်။ ငါတို့နယ်မြေ အေးချမ်းရင်ပြီးရော။ ရန်သူအကြိုက်လုပ်တဲ့နိုင်ငံရေးလုံးဝလက်မခံဘူး” ဟု အမည်မ ဖော်လိုသူ ကရင်လူငယ်ခေါင်းဆောင်တစ်ဦးက ပြောသည်။
ကေအဲန်ယူ ဖားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအောင်မော်အေးသည် ပြည်နယ်ကောင်စီ ကျင်းပသည့် ပြည်နယ်နေ့အပါအ ဝင် အခြားပွဲလမ်းသဘင်အခမ်းအနားများကို တက်ရောက်လေ့ရှိသည်။
ကရင်ပြည်နယ်အနေဖြင့် ဖားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်တွင် စစ်ကောင်စီ ဦးစီးကျင်းပသည့် သင်္ကြန်မဏ္ဍပ်များကို ယနေ့အသီးသီးဖွင့်လှစ်ခဲ့ပြီး စစ်ကောင်စီတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာအချို့သာ လာရောက်ဆင်နွှဲခဲ့ကြသည်ဟု မြို့ခံလူထုများက ပြောသည်။



















