Home သတင်း မြဝတီတောင်ဘက် ဘုရားကုန်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး အဆင့်ရှိသူ ကျဆုံး

မြဝတီတောင်ဘက် ဘုရားကုန်းအနီးတိုက်ပွဲအတွင်း စစ်ကောင်စီ ဗျူဟာမှူး အဆင့်ရှိသူ ကျဆုံး

1874

အောက်တိုဘာလ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

မြ၀တီ-ဝေါလေလမ်းပိုင်း ကျောက်ခက်ကျေးရွာအထက် ညောင်ချောင်းဘုရားကုန်း နေရာအနီး စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ ယနေ့ အောက်တိုဘာလ ၁၉ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီစစ်ကြောင်းဘက်မှ ဗျူဟာမှူးအဆင့်ရှိသူတစ်ဦးတိုက်ပွဲအတွင်း ကျဆုံးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များပြောစကားအရ သိရသည်။

“သူတို့ စစ်ကြောင်းက တပ်မ ၄၄ စစ်ကြောင်း အဲ့မှာ ဗျူဟာမှူးပါလာပြီး ကျည်ထိတယ်၊ စနိုက်ပါကျည်ထိပြီး ဗိုက်ပွင့်သွားတာမှာ ဖလူးဘက်ကို ကားနဲ့ သယ်သွားတယ်။ အခု သေပြီလို့တော့ သိရတယ်။ တိုက်ပွဲ သတင်းတွေက နေရာမှားရေးနေကြတာတွေ ဖြစ်နေတော့ သေတဲ့သူနာမည်တော့ သေချာမသိရသေးဘူး။ နောက်ပိုင်း စိစစ်ပြီးရင်တော့ သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု KNLA စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

စစ်ကောင်စီတပ်နှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ၎င်းကျဆုံးသွားသည့် ဗျူဟာမှူးမှာ တပ်မ ၄၄ မှ ဗိုလ်မှူးကြီး ဝင်းမင်းထွန်းဖြစ်ပြီး ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

အဆိုပါ မြ၀တီ -ဝေါလေ လမ်းပိုင်း ကျောက်ခက်ကျေးရွာအနီးရှိ တောင်နီ၊ သေ့ဘောဘိုးနှင့် ယနေ့နံနက်ပိုင်း တိုက်ပွဲဖြစ်ပွားခဲ့သည့် ညောင်ချောင်းဘုရားကုန်း နေရာများဘက်သို့ စစ်ကောင်စီတပ်လက်နက်ကြီးကုန်းများမှ ပစ်ကူပေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု KNLA ပူးပေါင်း စစ်ကြောင်းက ပြောသည်။

လက်ရှိ မြ၀တီ-ဝေါလေ လမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသလို၊ မြ၀တီ -ကော့ကရိတ် အာရှလမ်းသစ်လမ်းပိုင်း တောနော်ရေတံခွန်လမ်းကွေ့ဘက်တွင်လည်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းအဖွဲ့များနှင့် KNLA ပူးပေါင်း ဒေသတော်လှန်ရေးအဖွဲ့များ တိုက်ပွဲ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကြောင့် မြ၀တီ -ကော့ကရိတ် နှစ်ဖက်စလုံး ယာဉ်အသွားအလာ ပိတ်ထားသည့်အတွက် ကားအစီးရေ ရာချီစောင့်ဆိုင်းနေရပြီး ခရီးသွားပြည်သူအများအပြား လမ်းခုလပ် ခရီးသွား အခက်အခဲကြုံနေကြရကြောင်း သိရသည်။