Home သတင်း ရွှေကုက္ကိုလ်ဒေသကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်မည်ဟု BGF ခေါင်းဆောင်ပြော

ရွှေကုက္ကိုလ်ဒေသကို လုံခြုံရေးတိုးမြှင့်လုပ်ဆောင်မည်ဟု BGF ခေါင်းဆောင်ပြော

1789

အောက်တိုဘာလ ၁၉ ရက် ၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မကြာခဏ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်နေသောကြောင့် ရွှေကုက္ကိုလ် ဒေသနယ်မြေအေးချမ်း လုံခြုံရေးအတွက် လုံခြုံရေးတိုးမြှင့်သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့်တပ်(BGF)၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့က အောက်တိုဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် တခြားကရင်လက်နက်ကိုင်အဖွဲ့များသို့ ပေးပို့သည့် အသိပေး စာအရ သိရသည်။

BGF ၏ တပ်နယ်(၃) ဗဟိုအကြံ ပေးနှင့်ကွပ်ကဲရေးအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူမှ လက်မှတ်ရေးထိုးပြီး ကရင်အမျိုသားအစည်းအရုံး-KNU/ KNLA-PC (ငြိမ်းချမ်းရေးကောင်စီ)၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA တပ်ရင်း (၁၀၁)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO)(တပ်ရင်း ၅)သို့ လိပ်မူ၍ ပေးပို့သည့်စာတွင် ဗုံးပေါက်ကွဲမှုများ ဆက်လက်မဖြစ်ပွားစေရန် အဓိက စစ်ဆေးမှုများပြုလုပ်မှာဖြစ်ပြီး နယ်မြေအတွင်း သွားလာဖြတ်သန်းမည်ဆိုလျှင် အသိပေးအကြောင်းကြားပြီး သွားလာရန် ထုတ်ပြန်ထားသည်။

ဗိုလ်မှူးချုပ် စောချစ်သူက “မြဝတီမှာက ပေါက်ကွဲမှုတွေက အမြဲဖြစ်နေတယ်လေ။ ရှေ့ဆက်ပြီးပေါက်ကွဲမှု တွေမဖြစ်လာအောင် လုံခြုံရေးနည်းနည်း တင်းကြပ်တာဖြစ်တယ်ပေါ့နော်။ အဓိက ဒီ KNLA ပြီးရင် KNDO၊ PC အဲ့မှာ သွားဖို့လာဖို့ဆိုရင် အသိပေးအကြောင်းကြားပြီးမှာ ဖြတ်သန်းဖြတ်လာဖို့ ခေါ်ပြီးတွေ့တာလည်းရှိတယ်။ စာထုတ်ထား တာလည်းရှိတာပေါ့နော်။ အဓိကတော့ နယ်မြေလုံခြုံမှုပေါ့။ နယ်မြေလုံခြုံအေးချမ်းရေးအတွက်ကိုပဲ အဓိကရည်ရွယ်ပြီး အစစ်အဆေးလုပ်မှာဖြစ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် မြဝတီမြို့မြောက်ဘက်ခြမ်းရှိ ရွှေကုက္ကိုလ်မြိုင်ကျေးရွာတွင်လည်း (BGF)တပ်ဖွဲ့ဝင်များက သဲပုံဂိတ်၊ ဖားစည်အဝိုင်းပတ်သည့်ဂိတ်၊ တံတားဂိတ်၊ နာရီစင်အဝိုင်းဂိတ် စသည့် ဂိတ်နေရာ (၄)ခုတွင်လည်း လုံခြုံရေးတိုးမြှင့် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေကြောင်း ၎င်းက ဆက်ပြောသည်။

“အခု ရွှေကုက္ကိုလ်မှာဆိုရင် ဂိတ် ၄ ဂိတ် ချထားတယ်။ သဲပုံဂိတ်တစ်ဂိတ်ရယ်၊ ပြီးတော့ နာရီစဉ်အဝိုင်းဂိတ်တစ်ဂိတ်ရယ်၊ တံတားဂိတ်တစ်ဂိတ်၊ ဖားစည်အဝိုင်းပတ်တဲ့ဂိတ်တစ်ခု (၄)ခုချထားတာပေါ့။ မြဝတီတို့ညီနောင်တို့မပါဘူး။ အဲ့ဒီဘက် ကျတော့ အစိုးရရဲ့ယန္တားရားလည်ပတ်မှုနဲ့ ရဲတွေကစစ်ဆေးမှာပေါ့နော်။ ကုက္ကိုလ်မှာကတော့ အဓိကပေါ့။ အဲ့ဒါကို စစ်ဆေးမေးမြန်းသွားဖို့ရှိတာပေါ့နော်။ အဲ့ဒါမှဒီပေါက်ကွဲမှုက ဘယ်အဖွဲ့က လုပ်တာလဲ ဘယ်ကလာ တာလဲသိမှာပေါ့ နော်”ဟု ဗိုလ်မှူးချုပ် စောချစ်သူက ဆက်ပြောသည်။

စစ်အာဏာသိမ်းပြီးသည့်နောက်ပိုင်း မြဝတီမြို့တွင် မကြာခဏဆိုသလို ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်လေ့ရှိပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် အမှတ် (၁) ချစ်ကြည်ရေးတံတားနားတွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပေါ်ခဲ့သေးသည်။