အောက်တိုဘာ ၁၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်ရှိ မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကြီးအား ပြီးခဲ့သည့် အောက်တိုဘာ ၆ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းကြီးပျက်စီးသွားပြီး စစ်ရှောင်နေသော သံဃာအပါး ၅၀ အား ပရိယတ္တိ ဗုဒ္ဓအဆုံးအမစာပေများ ဆက်လက်သင်ယူနိုင်ကြရန် ယနေ့ အောက်တိုဘာ ၁၂ ရက်တွင် KNU ဝင်းရေးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်းပြီး ဆန်နှင့်သင်္ကန်းဝတ်ရုံတော်များ သွားရောက် ဆက်ကပ်လှူဒါန်းမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၆ရက်နေ့ နံနက် ၂ နာရီခွဲကျော်အချိန်တွင် စစ်ကောင်စီလေကြောင်းမှ မက္ကသာ ပရိယတ္တိ စာသင်တိုက်ကျောင်းဆောင်အား လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နှစ်ထပ်တိုက်ကျောင်းဆောင်ကြီး မီးလောင်ပြာကျသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မက္ကသာရွာ ပရိယတ္တိစာသင်တိုက်ကျောင်းဆောင် မီးလောင်ပြာကျသွားသည့်အတွက် သင်္ကန်း၊ သပိတ်၊ ဆင်းတုတော်၊ ဗုဒ္ဓအဆုံးအမစာပေများ ပျက်စီးသွားခဲ့ပြီး စာချရဟန်း သံဃာတော်များနှင့် စာသင်သားကိုရင်အပါး ၅ဝ နီးပါး သာသနာ့ဝန်များ ဆက်လက်ဆောင်ရွက်နိုင်ရန် ဒါယကာ၊ ဒါယိကာများနှင့် မြို့နယ် KNU တာဝန်ရှိသူများပူးပေါင်းပြီး လိုအပ်သည့် ဝေယျာဝေစ္စအသုံးအဆောင်ပစ္စည်းများကို လက်ရှိကျောင်းထိုင် ဆရာတော်သီတင်သုံးတော်မူသည့်နေရာတွင် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
KNU ဝင်းရေးမြို့နယ် ဥက္ကဌ ပဒိုစောမောင်ရွှေက “ပရိယတ္တိ ဗုဒ္ဓရဲ့အဆုံးအမစာပေတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ ရဟန်း သံဃာနဲ့ ကိုရင်အပါး ၅ဝ အတွက် ဆန်နဲ့ သင်္ကန်း သွားလှူတယ်။ ကျောင်းတော်ကြီး မီးလောင်သွားတော့ စာသင်စာချရတာ ခက်ခဲတာပေါ့နော်။ စစ်ရှောင်ပြည်သူတွေအတွက်လည်း ဆန်တွေဆက်လက်လှူသွားမယ်။ အပြည့်အဝမထောက်ပံ့ နိုင်သေးတော့ စိတ်မကောင်းဘူးပေါ့။ လက်ရှိအခြေအနေအရ နိုင်သလောက် ဆက်လက်ကူညီသွားမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

မက္ကသာရွာစာသင်တိုက်သည် အခြေခံ၊ အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်းအထိ ဗုဒ္ဓ၏အဆုံးအမစာပေများကို သင်ကြားပို့ချပေးနေသည့် ပရိယတ္တိစာသင်တိုက်ကြီးဖြစ်ပြီး ဝင်းရော်ဒေသရှိ ဗုဒ္ဓဘာသာဝင်ယုံကြည်သူတို့၏ အားထားရာစာသင်တိုက်လည်းဖြစ်သည်။
ထို့အပြင် အခြားဘာသာဝင်များနှင့် ဌာနေအတွင်းရှိ ကျောင်းနေအရွယ် ကလေးများကိုလည်း လောကီကျောင်းစာပေများ ပြုစုစောင့်ရှောက်သင်ပေးလျက်ရှိသည့်အတွက် ဒေသခံများ၏ မှီခိုအားထားခဲ့ရသည့် ကျောင်းတစ်ကျောင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
KNU ဝင်းရေးမြို့နယ်တွင် ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာတွင် စစ်ရေးပဋိပက္ခများ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာသောကြောင့် ခလယ်-တံခွန်တိုင်၊ တောင်စွန်း၊ ရော်ကတော့၊ အောက်စခန်း၊ ဆင်ပြေး၊ ခုံခံ၊ မက္ကသာရွာများနှင့် ဘုရားသုံးဆူ-သံဖြူဇရပ် လမ်းမဘေးတစ်လျှောက် ကျေးရွာအချို့ စစ်ဘေးတိမ်းရှောင်နေကြရသည်။
ထိုသို့ စစ်ရေးပဋိပက္ခများ ဖြစ်ပွားရာတွင် စစ်ကောင်စီစစ်တပ်မှ ဘာသာရေးအဆောက်အဦးနှင့်ကျေးရွာများထဲသို့ လက်နက်ကြီးများ ရမ်းသမ်းဖြစ်ခတ်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်သည့်အတွက် ထွက်ပြေး တိမ်းရှောင်ကြရသည့် ထောင်နှင့်ချီသော ဒေသခံစစ်ရှောင်များသည် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ နီးစပ်ရာ အသိမိတ်ဆွေများထံတွင် ခိုလှုံနေကြဆဲဖြစ်သည်ဟု ကျေးရွာတာဝန်ရှိသူများထံမှ သိရသည်။




















