Home သတင်း အလုပ်အကိုင်အခွင့်အလမ်းအတွက် အခက်အခဲရှိနေသူများအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်းသင်ကြားပေး

အလုပ်အကိုင်အခွင့်အလမ်းအတွက် အခက်အခဲရှိနေသူများအား ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ စက်ချုပ်သင်တန်းသင်ကြားပေး

799

အောက်တိုဘာလ ၁၂ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အခြေစိုက်ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့က မဲဆောက်ဒေသတွင်းရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်လိုသည့်သူများအတွက် အခြေခံမော်တာစက်ချုပ် သင်တန်းကို အောက်တိုဘာလ ၁၁ ရက်မှ ၁၆ရက်နေ့အထိ အခမဲ့ စရိတ်ငြိမ်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ဝင် အထည်ချုပ် စက်ရုံလုပ်ငန်းအတွေ့အကြုံရှိသူ စက်ချုပ်သင် ဆရာမက ဦးဆောင်သင်ကြားပေးနေခြင်းဖြစ်ပြီး သင်တန်းသူ သင်တန်းသား (၁၈)ဦး တက်ရောက်သင်ကြားလျက်ရှိသည်။

သင်တန်းကာလ (၆)ရက်ကြာမြင့်မှာဖြစ်ပြီး လုပ်သားလိုအပ်ချက်ရှိနေသော အထည်ချုပ် လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်ခွင့် ဆက်လက် ကြိုးစားလုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း ရောင်ခြည်ဦးအလုပ်သမား များအဖွဲ့ တာ၀န်ရှိသူထံမှ သိရသည်။

“ထိုင်းနိုင်ငံ မဲဆောက်ဒေသတွင်းကို အကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အထည်ချုပ် စက်ရုံလုပ်ငန်းခွင် ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်တဲ့အခါ အဆင်ပြေစွာ အလုပ်လုပ်ကိုင်နိုင်ဖို့ ရည်ရွည်ပြီး လုပ်ငန်းခွင် အခြေခံမော်တာ စက်ချုပ်သင်တန်းကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။”ဟု ရောင်ခြည်ဦး အလုပ်သမား များအဖွဲ့ မှ စက်ချုပ်သင်တန်း ဆရာမ မအိမြတ်သွယ်က ပြောသည်။

ရောင်ခြည်ဦးအလုပ်သမာများအဖွဲ့အနေဖြင့် မဲဆောက်ဒေသတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် စက်ချုပ်လုပ်ငန်း သင်တန်းအပြင် ကွန်ပျူတာ အခြေခံသင်တန်း၊ ထိုင်းဘာသာစကားပြောသင်တန်း ၊ လူ့အခွင့် အရေး၊ အလုပ်သမားအခွင့်အရေးနှင့် လိင်ကွဲပြားမှုအခြေပြုသင်တန်း၊ အလုပ်သမားသမဂ္ဂပညာရေးသင်တန်းနှင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ သိသင့်သိထိုက်သော ထိုင်းအလုပ်သမားဥပဒေနှင့် မူဝါဒဆိုင်ရာ သိကောင်း စရာများကိုလည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအစုအဖွဲ့များ နေထိုင်လုပ်ကိုင်ရာ နေရာများတွင် သင်တန်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။