အောက်တိုဘာလ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်−မော်လမြိုင်ကားလမ်းပေါ်ရှိ စစ်ဆေးရေး ဂိတ်များတွင် စစ်ကောင်စီတပ်က အီတလီနိုင်ငံထုတ် (X-RAY) စကဲန်ဖတ်သည့် စက်များဖြင့် စစ်ဆေးနေသောကြောင့် လမ်းခရီးကြန့်ကြာမှုများ ရှိနေသည်ဟု ယာဉ်မောင်းများထံမှ သိရသည်။
နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် မွန်ပြည်နယ်၊ စစ်တောင်းတံတား၊ ညောင်ခါးရှည်လမ်းဆုံရှိ မရမ်းချောင်းဂိတ်တွင် ဇွန်လပိုင်းမှစ၍ စစ်ကောင်စီ တပ်များက X Ray Machine (ဓာတ်မှန်ရိုက်စက်) ခေါ် နည်းပညာအသစ် စကဲန်ဖတ်၍ရသည့် စက်ပစ္စည်းနှင့် နည်းစနစ်များကို အသုံးပြုစစ် ဆေးမှုများ လုပ်ဆောင်နေသောကြောင့် ကုန်စည်ပို့ဆောင်မှုနှောင့်နှေးပြီး လမ်းခရီးကြန့်ကြာမှုများရှိကာ ညဘက်အိပ်စောင့်ရသည့်အထိ ဖြစ်လာနေသည်ဟု ယာဉ်မောင်းတစ်ဦးက ယခုလို ပြောသည်။
“ညောင်ခါးရှည် စစ်တောင်းတံတား ဒိုက်ဦး လမ်းသုံးစုံဂိတ်မှာ ကားပိတ်တာ။ တံတားကမနက်(၆)နာရီကနေ ညဘက်ဆို (၈) နာရီဖွင့်ထားပေးတယ်။ တစ်ရက်ခရီးကို နှစ်ရက်လောက်ဖြစ်သွားတာပေါ့။ တံတားပိတ်ရင် ကားတွေက တံတားအတက်လေးမှာ စုစုပြီးအိပ်ကြတယ်။ အဲ့မှာအစောကြီးရောက်နေတဲ့ကားတွေဆို စောင့်ရ ပြီး။ တံတားဖွင့်လို့ သွားပြီးရင် (X Ray)စကဲန်ဖတ်တဲ့နေရာရောက်ရင် ကားတွေက အများကြီးပဲ ပိတ်နေတယ်။ တစ်စီး ချင်းစီဝင်ရတယ်။ ညအိပ်ပြီး စောင့်နေတဲ့ ကားတွေလည်းရှိတယ်။ အဲ့ဒီ (X Ray)စက်နေရာက အပြန်လည်း ကားပိတ် အသွားလည်းကားပိတ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်နယ် သံလွင်တံတားဂိတ်တွင်လည်း နည်းပညာအသစ်ဖြင့် စကန်ဖတ်၍ရသည့် စက်များကို အသုံးပြု လျက်ရှိနေပြီး ဖာပွန်−ကမမောင်းလမ်းဆုံ ဝါးဘိုးတောဂိတ်တွင်လည်း (X-Ray) စကဲန်ဖတ်သည့် စက်ကို အသုံးပြုရန်အတွက် ဂိတ်အသစ်ထပ်မံ ပြုပြင်လျက်ရှိနေသည်ဟု ယာဉ်မောင်းများက ဆက်ပြောသည်။
အလားတူ ဖားအံမှ ရန်ကုန်ပြန်သွားသူ ခရီးသွားတစ်ဦး အနေဖြင့်လည်း X Ray ဂိတ်များကြောင့် လမ်းခရီး နှောင့်နှေးနေကြောင်းနှင့် လမ်းတွင်ပိတ်မိနေကြောင်းလည်း ၎င်း၏ Facebook လူမှုကွန်ယက်စာမျက်နှာ တွင် ယမန်နေ့က ဖော်ပြထားသေးသည်။
စစ်အာဏာသိမ်းမှု (၂)နှစ်ခန့် ကြာမြင့်လာပြီးသည့်နောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အမြို့မြို့အနယ်နယ် တွင် လူသွားလူလာများသည့်နေရာ၊ မီးပွိုင့်လမ်းဆုံ လမ်းဂွနေရာများတွင် စစ်ကောင်စီတပ်များသည် ကား၊ ဆိုင်ကယ် လိုင်စင်များကို စစ်ဆေးသည့်အပြင် ဖုန်းထဲတွင် နိုင်ငံရေးနှင့်ပတ်သက်သည့် ဓာတ်ပုံများ၊ စစ်ကောင်စီတပ်ကို ဆန့်ကျင်သည့် ပို့စ်များ ရှိမရှိကို အချက်အလက်ရှာဖွေရေး ဖုန်းဆော့ဖ်ဝဲလ်များ အသုံးပြုစစ်ဆေး မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။



















