Home သတင်း စစ်ကောင်စီယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများကြောင်း ထားဝယ်-ပကဖပြော

စစ်ကောင်စီယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများကြောင်း ထားဝယ်-ပကဖပြော

966
Photo: CJ

အောက်တိုဘာ ၁၂ ရက်၊ ကေအိုင်စီ၊၊ ၂၀၂၂ ခုနှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအနီးတွင် ယမန်နေ့က အောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီယာဉ်တန်း ၉ စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားထိခိုက် ကျဆုံးမှုများနိုင်ကြောင်း Dawei Guerrilla Revolutionary Force –DGRF (ထားဝယ်-ပကဖ) DGRF အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း (၉)စီးကို ယမန်နေ့ နံနက် ၆း၄၅ မိနစ်အချိန်တွင် အင်အားပြင်းမိုင်းနှစ်လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် ကားတစ်စီးမှာ ချက်ကောင်းထိမှန်၍ စစ်ကောင်စီဘက်တွင် အထိအခိုက် အကျအဆုံးများနိုင်ကြောင်း DGRF တပ်ဖွဲ့ဝင်တစ်ဦးက ယခုလိုပြောသည်။

၎င်းက“ DGRF က ဆွဲတာပါခင်ဗျာ။ သရက်ချောင်းက စစ်ကား ၉ စီးပါ ယာဉ်တန်းပေါ့။ အဲ့ဒီယာဉ်တန်းက ဖားအံဘက်ကို သွားမယ်လို့ သိရတယ်။ တပ်ရင်းအမှတ်က ခမရ (၄၀၃,၄၀၄,၄၀၅) သရက်ချောင်း အခြေစိုက် တပ်ရင်းပါခင်ဗျာ”ဟု ကေအိုင်စီ သို့ပြောသည်၊၊

ဗုံးဖောက်ကွဲမှုအပြီးတွင် လိုက်ပါလာသော စစ်ကောင်စီယာဉ်တန်း ၉ စီးမှ ၄ စီးမြောက်ကားမှာ ချက်ကောင်း ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အမြား ထိခိုက်သေဆုံးနိုင်သော်လည်း ထိခိုက်သေဆုံးမှုနှင့် ကားပျက် စီးမှုအရေအတွက်ကိုမူ အတိအကျအတည်မပြုနိုင်သေးကြောင်း ထို DGRF တပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ အနီးအနားရှိကျေးရွာများကို ရမ်းသမ်း ပစ်ခတ်နေစဉ် နောက်ထပ်ပစ်မှတ်နေရာသို့ ကြိုတင်အံကိုက်ချိန်ရွယ်ထားသော ရှေ့ထွက်မိုင်းတစ်လုံးကို ထပ်မံ ဖော်ခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သားများ ထပ်မံထိခိုက်ကျဆုံးနိုင်ကြောင်းနှင့် အရေအတွက် အတိ အကျကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊၊