Home သတင်း အရှေ့တောနယ်ဘက်ရှိ ကျေးရွာတချို့တွင် ဆန်သယ်ယူခွင့်မရှိသောကြောင့် ကျေးရွာတွင်း ဆန်ပြတ်လပ်မှုများရှိလာ

အရှေ့တောနယ်ဘက်ရှိ ကျေးရွာတချို့တွင် ဆန်သယ်ယူခွင့်မရှိသောကြောင့် ကျေးရွာတွင်း ဆန်ပြတ်လပ်မှုများရှိလာ

776
Photo: Crd.

အောက်တိုဘာ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်၊၊ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ အရှေ့တောနယ်ရှိ ကျေးရွာအချို့တွင် ဆန်သယ်ယူခွင့် မရှိသောကြောင့် ကျေးရွာတွင်း ဆန်ပြတ်လပ်မှုများကို ကြုံတွေ့လာရကြောင်း ဒေသခံရွာသားများ၏ ပြောဆိုမှုအရ သိရသည်။

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်ဘက်ရှိကျေးရွာများတွင် ယခင်က ဆန်ကိုအကန့်အသတ်ဖြင့် သယ်ယူခွင့်ရှိသော်လည်း ယခုအောက်တိုဘာလမှ စတင်၍ စစ်ကောင်စီမှ ဆန်သယ်ယူသည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများကြောင့် လိုင်းကားများအနေဖြင့် ဆန်မသယ်ရဲကြတော့ဘဲ ကျေးရွာအတွင်း ဆန်ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ဒေသခံကျေးရွာသူတစ်ဦးက ယခုလို ပြောသည်။

၎င်းက“အစ်မတို့ဘက်မှာ အခုလဆန်ပြတ်နေတယ်၊ ချွေတာစားနေရတယ်။ ဟို့နေ့က ရွာကလိုင်းကားကို တိုင်တဲ့ သူရှိလို့ တစ်ယောက်မှဆန်မသယ်ရဲကြတော့ဘူး။ အခုထိတော့ တောင့်ခံကြရတာပေါ့။ တစ်အိမ်နဲ့ တစ်အိမ် မျှစားရတယ်။ အရင်ကတောင် ခိုးပြီးတော့ တင်လို့ရသေးတယ်။ အခုက လိုင်းကားဖမ်းခံရတုန်းက ဆန်ပါသိမ်းတယ်။ အခုက ဘယ်သူမှတင်မရဲဘူး။ ဆိုးဆိုးရွားရွားဖြစ်နေတယ်။” ဟု ကေအိုင်စီသို့ပြောသည်၊၊

ဆန်သယ်ဆောင်လာသည့် ကားများကို ဖမ်းဆီးခြင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဓိက လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်များကြောင့် အရှေ့တောနယ်ရှိ ခမောင်းသွယ်ကျေးရွာတွင် သာမကဘဲ ရွှေဘန်းချောင်း၊ တောင်သုံးလုံး ၊ မေတ္တာရွာများတွင်လည်း ဆန်များပြတ်လပ်လျက်ရှိရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်များ ဆန်မလှူနိုင်ရန်အတွက် အဓိကထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။

“အစ်မတို့ဘက်မှာ မိုးစာဆိုပြီး ကွမ်းသီးပြီးရင် ဆန်သိုကြတာရှိတယ်။ ကွမ်းသီးရာသီက စတော့မှာလေ နောက်လဆို ဆောင်းဝင်ရင် စပါးရိတ်မှာ မဟုတ်လား။ တချို့ဆို ဆန်မလောက်ဖြစ်တော့ ဝယ်ရတာမျိုးက အခုချိန်ဆိုပိုဖြစ်များတယ်၊၊ ခမောင်းသွယ်မှ မဟုတ်ဘူး ရွှေဘန်းချောင်း၊ တောင်သုံးလုံး၊ မေတ္တာ ဆန်ပြတ် နေတယ်၊၊ အခုရွာမှာဆို မှိုတက်နေတဲ့ ဆန်ကလွဲပြီး မရှိဘူး၊ သူတို့ကလက်သုံးချောင်းကို လှူမှာဆစိုးလို့ ထင်တယ်” ဟု ၎င်းဒေသခံ အမျိုးသမီးက ဖြည့်စွက်ပြောသည်၊၊

တနင်္သာရီ တိုင်းဒေသကြီးအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်ဦးရေသည် ယခင်စက်တင်ဘာလအတွင်း (၁၆,၀၀၀) ဦးရေအထိ ရှိလာကြောင်း FE 5 Tanintharyi အဖွဲ့၏ အစီရင်ခံစာကို ကိုးကားပြီး ပုလော PDF မှ ထုတ်ပြန်ထားသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ၏ ရိက္ခာလမ်းကြောင်း ဖြတ်တောက်မှုများကို ခံနေကြရသောကြောင့် ရိက္ခာပြတ်လပ်မှုများကို ကြုံတွေ့နေရကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များ ထံမှသိရသည်၊၊