အောက်တိုဘာလ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကွင်းကလေးကျေးရွာနှင့် ကော့သနော့ ကျေးရွာအကြားတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ် ဘက်မှ တပ်စခန်းလာရောက်အခြေချရန် ကြိုးစားလာနေသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဘက်က တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၀)ရက်နေ့တွင် ကွင်းကလေးကျေးရွာအနီးရှိ စစ်ကောင်စီခြေကုပ်စခန်းတစ်ခုဖြစ်သည့် ကျိတ်စခန်းကို (KNLA) တပ်ရင်း(၁၈)နှင့်ပူပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်များက ကော့သနော့ကျေးရွာနှင့် ကွင်းကလေးကျေးရွာကြားရှိ တောင်ကုန်းတစ်နေရာတွင် စခန်းအထိုင်ချရန် ကြိုးပမ်းလာခြင်းဖြစ်သည်ဟု KNLA ဘက်က ပြောသည်။
“ဒီကောင်တွေက ကြာအင်းဆိပ်ကြီးမှာ လူစုနေတာ (၁)လကျော်ပြီး။ ကော့သနော့အကျော် ကွင်းကလေးမရောက်ခင်မှာ ရွာတွေထဲကို လက်နက်ကြီးပစ်တယ်။ ပစ်ပြီးမှ ကျိတ်စခန်းမှာ သေနေတဲ့ စစ်သားတွေရော၊ စခန်းတစ်ခုလုံးကိုရှင်းလင်း မီးရှို့ဖို့ တက်လာတာ။ ကျိတ်တ်စခန်းက ပြန်လာတော့ ရွာထဲကို လက်နက်ကြီးပစ်တာငြိမ်သွားတယ်။ စခန်းက ထိုင်လား မထိုင်ဘူးလားဆိုတာတော့ မသိရသေးဘူး။ စခန်းထိုင်မယ်လို့တော့ သတင်းရထားတယ်”ဟု ပြောသည်။
ထို့အပြင် ကော့သနော့နှင့် ကွင်းကလေးကျေးရွာကြားတွင် စခန်းအထိုင်ချရန် ကြိုးပမ်းနေသည့် ထိုစစ်ကောင်စီတပ်မှ အိမ်ခြေ ၄၀၀နီးပါးရှိသည့် ကွင်းကလေး ကျေးရွာထဲသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်သောကြောင့် အိမ်ခြေပေါင်း (၄၀)ကျော် ထိခိုက်ပျက်စီးခဲ့သည်ဟုကေအဲန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။
ကေအဲန်ယူ တပ်မဟာ (၆)နယ်မြေဖြစ်သည့် ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်များနှင့် (KNLA)တပ်ဖွဲ့များအကြား တိုက်ပွဲနေ့တိုင်းနီးပါး ဖြစ်ပွားလျက်ရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၂၀)ရက်နေ့တွင် (KNLA)တပ်ဖွဲ့များက သိမ်းပိုက်ထားသည့် ကျိတ်စခန်းစစ်ကောင်စီတပ်ဘက်မှ (၂၀)ခန့်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNUဘက်က သတင်းထုတ်ပြန်ထားသည်။



















