Home သတင်း ဖားအံမြို့တွင် စစ်ကောင်စီတပ်နှင့် ရပ်ကွက်လူကြီးများက ဧည့်စာရင်းစစ်ဆေးမှုများ ထပ်မံပြုလုပ်လာလျက်ရှိနေ

ဖားအံမြို့တွင် စစ်ကောင်စီတပ်နှင့် ရပ်ကွက်လူကြီးများက ဧည့်စာရင်းစစ်ဆေးမှုများ ထပ်မံပြုလုပ်လာလျက်ရှိနေ

1508

ဩဂုတ် ၃၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် စစ်ကောင်စီက ခန့်အပ်ထားသည့် ရပ်ကွက် လူကြီးများက ရပ်ကွက်ထဲတွင် ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများ ထပ်မံပြုလုပ်စစ်ဆေးလျက်ရှိနေကြောင်း မြို့ခံများက ပြောသည်။

ဖားအံမြို့တွင် မေလပိုင်းမှစပြီး ရပ်ကွက်တွင်း ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများကို ရပ်နားထားပြီးနောက် ယခုသြဂုတ်လ (၂၀)ရက်နေ့မှစပြီး ဧည့်စာရင်း စစ်ဆေးမှုများကို အမှတ် ၂ ရပ်ကွက် မြေတံတားလမ်း၊ အင်းလေးလမ်း၊ စေတနာလမ်း စသည့်နေရာများအပြင် အမှတ် ၄ ရက်ကွက်၊ အမှတ် ၉ ရပ်ကွက်နှင့် အမှတ် ၈ ရပ်ကွက်များတွင်လည်း နေ့စဉ်နီးပါး ပြုလုပ်နေကြောင်း မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“လာစစ်တာက စစ်သားရော၊ ရပ်ကွက်လူကြီးတွေရော အကုန်ပါတယ်။ ဧည့်စာရင်းက (၅) လပိုင်းလောက်ကစပြီး မစစ် ဆေးတော့ဘူး။ အခုလကုန်ပိုင်းမှပြန်ပြီးအိမ်ထောင်စုစာရင်းတွေ လိုက်စစ်နေတယ်။ အရင်ကတော့ မစစ်တာ (၃) လ လောက်ရှိပြီး။ ရပ်ကွက်ထဲမှာ လာမစစ်တာလည်း တော်တော်ကြာနေပြီး။ အခုမှထပ်စစ်တာ။ အင်းလေးလမ်း စေတနာ လမ်းမှာ ရောစစ်တာ။ သူတို့ကလာစစ်ရင်အိမ်ပေါ်မတက်ဘူး။ အောက်ကနေပဲအိမ်ထောင်စုစာရင်းတောင်းကြည့်တာ။ ”ဟုပြောသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင်လည်း ဖုန်းများကိုပါ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အင်းလေးလမ်းတွင်နေထိုင်သည့် အသက် (၁၉)နှစ်အရွယ် အမျိူးသမီးတစ်ဦးကို ၎င်း၏ဖုန်းထဲတွင် စစ်ကောင်စီတပ်ကို ဆဲဆိုမှုများ ပြုလုပ်ထားသည်ကို တွေ့ရှိ၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာြခင်းမရှိသေးဘူးဟုလည်း နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

“ဟိုနေ့က အမတစ်ယောက်ပါသွားတယ်။ အဲ့ဒီအမက ရဲတွေလာစစ်တာကို သူတို့သူငယ်ချင်းကို လှမ်းပြောတယ်ကွယ်။ ပြောတဲ့အထဲမှာ သူတို့ကိုဆဲထားတာတွေပါတယ်။ အဲ့ဒါသူ့ဖုန်းကိုတောင်းကြည့်တာ တွေ့သွားတယ်။ အဲ့ဒါသူ့ကို ဖမ်းသွား တယ်။ ရှေ့ (၃) ရက်လောက်က။ အခုထိပြန်မလွှတ်ပေးသေးဘူး။ ဘယ်ကိုခေါ်သွားလဲဆိုတာလဲမသိရသေး ဘူး” ဟုပြောသည်။

အလားတူ ဖားအံမြို့သံလွင်တံတားတွင် စစ်ကောင်စီတပ်မှ ကားအဝင်အထွက်များမှ ခရီးသည်များကို ပုံမှန်စစ်ဆေး မှုများပြုလုပ်လျက်ရှိရာ ခရီးသွားများ၏ ဖုန်းများကို စစ်ဆေးမှုများ ပြုလုပ်ရာတွင် အဆင်မြင့် ဆော့ဖ်ဝဲ တစ်ခုကို အသုံးပြု၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ ၎င်းဆော့ဖ်ဝဲကို အသုံးပြု၍ သြဂုတ်လ (၂၈) ရက် ညနေ (၄) နာရီအချိန်တွင်လည်း လူငယ်တစ်ဦးကို စစ်ဆေးရာ ၎င်း၏ဖုန်းထဲတွင် နိုင်ငံရေးနှင့် ပက်သတ်သည့် ဓာတ်ပုံများ၊ အကြောင်းအရာတွေကို တွေ့ရှိ၍ စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း သတိပေးသည့်ပုံစံအနေဖြင့် လူမှုမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။