Home သတင်း ကုန်စျေးနှုန်းအဆမတန်မြှင့်တက်သည့်အပေါ် စစ်ဘေးရှောင်များအတွက် ရိက္ခာရရှိရေး ပိုမိုခက်ခဲလာ

ကုန်စျေးနှုန်းအဆမတန်မြှင့်တက်သည့်အပေါ် စစ်ဘေးရှောင်များအတွက် ရိက္ခာရရှိရေး ပိုမိုခက်ခဲလာ

1148

ဩဂုတ် ၃၀ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ကုန်စျေးနှုန်းအဆမတန်မြှင့်တက်လာသည့်အတွက် ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေအတွင်း လပေါင်းများစွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များအ တွက် ရိက္ခာဝယ်ယူရရှိရေး ပိုမိုခက်ခဲလာသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကေအဲန်ယူနယ်မြေအတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံစစ်ရှောင်များသည် လတ်တလောတွင် အကူအညီရရှိမှုနည်းလာသည့်အပြင် ကုန်စျေးနှုန်းလည်း အဆမတန်မြှင့်တက်လာသည့်အတွက် ရိက္ခာဝယ်ယူ သည့်အခါ ရရှိမှုနည်းလာပြီး ရိက္ခာမလုံလောက်မှုများ ကြုံတွေ့လာရသည်ဟု ကေအဲန်ယူ ညောင်လေးပင် ခရိုင်ရှိ စစ်ရှောင်များအား အကူအညီပေးနေသည့် ကရင်လူမှုရေးရာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ပြောသည်။

“ကုန်စျေးနှုန်းတက်တဲ့အခါကျတော့ အရင်က ဆန် ၁၀ အိတ်ဝယ်ရတာကို အခု ၅ အိတ်၊ ၆ အိတ်လောက်ပဲ ဝယ်လို့ရတယ်။ ပြီးတော့ အရင်က စစ်ရှောင်တစ်ယောက်ကို ၃ ပြည်လောက် ထောက်ပံ့နိုင်တာကို အခု ၁ ပြည်လောက်ပဲ ပေးနိုင်တော့တယ်။ ရှေးဆက် ဘယ်လောက်ကြာမလဲမသိဘူး၊ ဒီထက်ပိုပြီးကြာရင်တော့ စစ်ရှောင်အတွက် စားနပ်ရိက္ခာအခက်အခဲ အများကြီး ကြုံတွေ့လာနိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကုန်စျေးနှုန်းအဆမတန်မြှင့်တက်လာသည့်အတွက် ယခင်က ထောက်ပံ့မှုအကူညီမယူသည့် အချို့စစ်ရှောင်များ လည်း လက်ရှိအချိန်တွင် အကြပ်အတည်းပိုမိုကြုံတွေ့လာပြီး အကူအညီလာရောက်တောင်းလာသူ များလာ သည်ဟု အဆိုပါ စစ်ရှောင်ကူညီပေးနေသူက ဆက်ပြောသည်။

“ကျမတို့က ပြေးလိုက်၊ အိမ်ပြန်လိုက် ဒီလိုပဲသွားနေရတယ်၊ တစ်နှစ်ပြည့်တော့မယ်။ ဘာအလုပ်မှလုပ်လို့မရဘူး။ အစက အဆင်ပြေသေးတယ်၊ အခုက ကုန်စျေးနှုန်းတွေတက်တော့ ဘယ်လိုမှအဆင်မပြေတော့ဘူး၊ ကြာလာ တော့ အခက်အခဲတွေ့ရတယ်။ စစ်ရှောင်စခန်းနဲ့နေတာမဟုတ်တော့ ခက်ခဲမှန်းသူများမသိဘူးပေါ့။ ”ဟု ကျောက်ကြီးမြို့နယ်အတွင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေသည့်အတွက် ခရိုင်အလိုက် စစ်ရှောင်ဦး ရေလည်း နေ့စဉ်တိုးလာသည်ဟု နေရပ်စွန့်ခွာ စစ်ရှောင်များကို ကူညီဆောင်ရွက်ပေးနေသည့် ပြည်တွင်း‌နေရပ်ရင်း စွန့်ခွာရသူ ကရင်ပြည်သူများဆိုင်ရာ‌ကော်မတီ -CIDKP အဖွဲ့တာဝန်ရှိသူတစ်ဦးဖြစ်သူ စောခဲလေက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ စစ်ရှောင်တွေအတွက် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမယ်။ ကူညီတဲ့အပိုင်းက တစ်နေရာနဲ့ တစ်နေရာမတူဘူး၊ တချို့က သူတို့အတွက် လွယ်ကူအောင် ပိုက်ဆံနဲ့ထောက်ပံ့ရတယ်။ တချို့က နယ်မြေ အနေထားအရ ဆန်ပဲထောက်ပံ့ရတယ် အဲလိုတွေတော့ရှိတယ်။ CIDKP ကတော့ စစ်ရှောင် ၈ သောင်းကျော်ကို ကြည့်ရှုထောက်ပံ့ပေးနေပြီးပေါ့နော် ။ အကုန်လုံးတော့ ကျနော်တို့က မကူညီနိုင်သေးဘူး၊ ဒီထက် ထောက်ပံ့နိုင်ဖို့ ကျနော်တို့ အကူအညီကြိုးစားရှာမယ်” ဟု ပြောသည်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး၏ ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားသည့် စာရင်းအရ ၎င်းတို့ထိန်းချုပ်နယ်ထဲရှိ ခရိုင် (၆)ခုအတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခကြောင့် စစ်ဘေးရှောင်နေရသည့် စစ်ရှောင်ဦးရေ ၃၅၆,၆၇၄ ဦးရှိပြီး အဆိုပါ စစ်ရှောင်များအတွက် အကူအညီလိုအပ်နေကြောင်းလည်း ဖော်ပြထားသည်။

ထို့အတူ ISP-Myanmar အဖွဲ့၏ ကောက်ယူထားသည့် အချက်အလက်အရတွင်လည်း၂၀၂၁ ခုနှစ်၊ ဖော်ဖော် ဝါရီလမှ စတင်၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၃၁ရက်နေ့အထိ မြန်မာနိုင်ငံတွင် တိုက်ပွဲအကြိမ်ရေ ၆,၆၇၈ ကြိမ်ဖြစ်ပွား သည့်အနက် ကရင်ပြည်နယ်အတွင်း၌ တိုက်ပွဲပေါင်း ၃,၉၉၃ ကြိမ်ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။