Home သတင်း ခလရ(၉၇) ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ တပ်ဝင်းထဲရောက် ဘဏ်ဝန်ထမ်းတစ်ဦးဒဏ်ရာရ

ခလရ(၉၇) ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ တပ်ဝင်းထဲရောက် ဘဏ်ဝန်ထမ်းတစ်ဦးဒဏ်ရာရ

1375

ဇူလိုင်လ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၇)ကို ဇူလိုင်လ ၁၅ရက်၊ ယနေ့မနက်တွင် ဒရုန်း (မောင်းသူမဲ့ယာဉ်)ဖြင့်တိုက်ခိုက်ခံရပြီး ထိုတပ်ဝင်းသို့ ဘဏ်ငွေများသွားထုတ်ယူနေသည့် မြန်မာ့စီးပွားရေးဘဏ်ဝန် ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ယနေ့မနက် ၉နာရီဝန်းကျင်အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်းများက ကော့ကရိတ်မြို့တွင်းရှိ ခလရ (၉၇)တပ်တွင်းသို့ ရောက်ရှိနေချိန်တွင် ပိုက်ဆံများ သွားရောက်ထုတ်ယူ‌နေစဥ် တပ်ဝင်းကို ဒရုန်းဖြင့်တိုက်ခိုက်မှုတွင် ထိခိုက်မှုရှိသွားခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရသူနှင့် နီးစပ်သူတစ်ဦးက “မြန်မာ့စီးပွားရေးဘဏ်က ခလရ(၉၇)တပ်တွင်းမှာ ပိုက်ဆံတွေသွားထားတာ။ မနက်ပိုင်းဆို ပိုက်ဆံသွားယူတယ်။ ညနေဆို သွားထားတယ်။ ဗုံးကြဲ(ပစ်ချ)ချိန်မှာ ပိုက်ဆံသွားထုတ်နေချိန်ဖြစ်လို့ သူ့ကို ထိသွားတယ်။”ဟု ပြောသည်။

အဆိုပါဘဏ်ဝန်ထမ်းမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားခြင်းဖြစ်ပြီး ၎င်းကို ကော့ကရိတ်ပြည်သူ့ဆေးရုံတွင် အနည်း ငယ် ကုသပေးပြီးနောက် ဖားအံမြို့နယ်ရှိ တောင်ကလေးဆေးရုံသို့ ပို့ဆောင်လိုက်ကြကြောင်းလည်း ၎င်းကဆက်လက် ပြောဆိုသည်။

မြန်မာ့စီးပွားရေးဘဏ်သည် ကော့ကရိတ်မြို့တွင် ခလရ(၉၇)တပ်ဝင်းထဲ၌ ငွေများသိမ်းဆည်းသည်မှာ ယခင်ကတည်း ကဖြစ်ကြောင်း ယခုဖြစ်စဉ်မှာ တပ်ထဲသိမ်းထားသည့်ငွေများကို သွားထုတ်ချိန် ဆိုင်ကယ်ပေါ်ရှိနေသည့် ဘဏ်ဝန်ထမ်း ကို ထိခိုက်သွားခြင်းဖြစ်ပြီး ကျန်ဘဏ်ဝန်ထမ်းများမှာ ထိခိုက်မှုမရှိကြောင်း ဘဏ်ဝန်ထမ်းများနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

၎င်းက “ကောင်လေးက ဆိုင်ကယ်ပေါ် တက်ခွထားပြီး ကျန်တဲ့ဝန်ထမ်းတွေက သော့ပိတ်မရလို့ အပြင်ထွက်မလာကြ သေးတာ။ မဟုတ်ရင် တစ်ယောက်ထက် ပိုထိနိုင်တယ်။ ဘဏ်မန်နေဂျာကိုမေးတော့ ပေါင်ကျိုးသွားတယ်လို့ပြော တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြို့တွင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ချောင်းတောင်အထက်တန်းကျောင်း၊ မူလ တန်းကျောင်းတစ်‌ကျောင်းနှင့် အမှတ်(၂)ရပ်ကွက်ရှိ မူလတန်းတစ်ကျောင်းများမှ ကျောင်းသူကျောင်းသားများကို ကျောင်းတာဝန်ရှိသူများက အိမ်ပြန်ခွင့်ပေးလိုက်ကြောင်း Non-CDM ကျောင်းဆရာတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကို ဒရုန်းဖြင့်တိုက်ခိုက်မှုမှာ မည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မသိရှိရသော်လည်း စစ်ကောင်စီတပ် များသည် ဇူလိုင်လ ၁၃ရက်နေ့မှစ၍ မြို့ပြင်ကျေးရွာများသို့ လက်နက်ကြီးများ နေ့စဥ် ရမ်းသမ်းပစ်ခတ်သောကြောင့် ယခုလို ဒရုန်းဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မြို့ခံများက ခန့်မှန်းပြောဆိုမှုများ ရှိသည်။