ဇွန်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ ၁ နယ်မြေ)ရှိ လေးကေနှင့် ဝင်းတာပန် တပ်စခန်းသို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ဇွန်လ ၂ ရက်၊ နံနက် ၆ နာရီခန့်က ပိန္နဲတောနှင့် ထုံးဘိုကြီးထုံးဘိုလေးရွာကြားတွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA တပ်ဖွဲ့၏ ခြုံခိုတိုက်ခိုက်ခြင်းခံရပြီး ၄ ဦးကျဆုံးခဲ့သည်ဟု သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ KNLA တပ်မဟာ -၁ မှ တပ်မှူးတစ်ဦးက “သူတို့တက်လာတော့ ဒီဘက် က မိုင်းဆွဲတိုက်ခိုက်တယ်၊ ပစ်ခတ်တာတွေလည်း လုပ်တာပေါ့။ စစ်ကူပို့တာတို့၊ ရိက္ခာပို့တာတို့ ကျနော်တို့ဘက်က လုံးဝခွင့်မပြုတော့ဘူး။ အဲဒါကို သူတို့ဘက်က ဆက်လုပ်နေတုန်းပဲ။ သေဆုံး တာရှိ သလို ဒဏ်ရာရတာတွေလည်းများတယ်။ အတည်ပြုမရသေးဘူး။ ပစ်ခတ်မှုဖြစ်ပြီးတော့ သူတို့ဘက် အရေးပေါ်ကား ၃ စီးနဲ့ လာသယ်သွားတာရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။
တပ်အင်အား ၁၅၀ ဝန်းကျင်ပါ ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သထုံမြို့နယ် ဝီယော်အခြေစိုက် တပ်မ-၄၄ လက်အောက်ခံ ခမရ(၉)နှင့် အလံတစ်ရာအခြေစိုက် (၂၁၄၉) အမြှောက်တပ်နှင့် ဘီးလင်းမြို့နယ် ဇီးဝန်းရွာအခြေစိုက် အမြှောက်တပ်တို့ ပူးပေါင်းစစ်ကြောင်း ထိုးလာခြင်းဖြစ်သည်ဟု ၎င်းနယ်မြေခံ KNLA တပ်မှူးက ဆက်ပြောသည်။
ထိုသို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ကျေးရွာထဲသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှုလုပ်ဆောင်သည့်အတွက် ဒေသခံတစ်ဦး လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အနီးအနားရွာရှိ ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ ၁ နယ်မြေ) တွင် ပြီးခဲ့သည့် မေလတစ်လတာအတွင်း စစ်ကောင်စီ တပ်၊ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲပေါင်း (၄၁)ကြိမ်ဖြစ် ပွားရာတွင် စစ်ကောင်စီတပ်ဘက်မှ (၇၅) ဦးကျဆုံးပြီး (၃၅)ဦးဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။



















