Home သတင်း အုပ်ချုပ်ရေးလုပ်ငန်းကို ဝင်မစွက်ဖက်ရန် စကခ(၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်ကို KNU အပြင်းအထန်သတိပေး

အုပ်ချုပ်ရေးလုပ်ငန်းကို ဝင်မစွက်ဖက်ရန် စကခ(၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်ကို KNU အပြင်းအထန်သတိပေး

1623
Photo: KNLA

ဇွန်လ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)နယ်မြေအတွင်း အစည်းအရုံး၏ အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်းများကို ဝင်ရောက်မစွက်ဖက်ရန် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၀)မှူး ဗိုလ်မှူးချုပ် ကိုကိုလွင်ကို ကေအဲန်ယူ တပ်မဟာ (၂)က အထူးသတိပေးကြောင်း ယမန်နေ့ ဇွန်လ ၂ ရက်နေ့စွဲဖြင့် သတိပေးထုတ်ပြန်ခဲ့သည်။

ကေအဲန်ယူ၊ တပ်မဟာ(၂) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၏ ၆ လပတ် တပ်မှူးများအစည်းအဝေးအပြီး ထုတ်ပြန်သည့် အစည်းအဝေးထုတ်ပြန်ချက်တွင် ယခုလို သတိပေးထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ကေအဲန်ယူ၊ တပ်မဟာ (၂)အုပ်ချုပ်နယ်မြေဖြစ်သည့် ထန်းတပင်မြို့နယ်နှင့် သံတောင်မြို့နယ်ရှိ ဘောဂလိဒေသအတွင်းမှ ကျေးရွာ ၁၂ ရွာအတွက် ကေအဲန်ယူဘက်မှ ပညာရေးအတွက် စာသင်ကျောင်း တည်ဆောက်ပေးမည့်အပေါ် စကခ-၂၀ မှူးမှ လက်မခံဘဲ အစည်းအရုံး၏ အုပ်ချုပ်ရေးအပေါ် ဝင်ရောက်ဟန့်တား နှောင့်ယှက်နေခြင်းဖြစ်ကြောင်း ကေအဲန်ယူ တပ်မဟာ- ၂ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဒဲဖိုးက ယခုလို ပြောသည်။

၎င်းက “ဘောဂလိဒေသဘက်က ရွာ ၁၂ ရွာအတွက် ကေအဲန်ယူ ပညာရေးနဲ့ ကျောင်းဆောက်ပေးမှာကို သူက ဝင်နှောင့်ယှက်ချင်တာပါ။ ကျနော်တို့ဘက်က ကျောင်းဆောက်မယ်ဆိုရင် သူ့အနေနဲ့ အလကားနေမှာမဟုတ် ဘူး။ ပါးစပ်နဲ့လည်း ပြောမှာမဟုတ်ဘူး။ လုပ်စရာရှိတာ လုပ်ရမှာပဲဆိုပြီး ကျနော်တို့ကို ခြိမ်းခြောက်ပြောတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၎င်းကျေးရွာ ၁၂ ရွာသည် ကရင်ကျေးရွာများဖြစ်သလို ကေအဲန်ယူဘက်မှ ယခင်နှစ်ပေါင်း ၇၀ နီးပါးကတည်းက ကျေးရွာကို ဖွဲ့စည်းတည်ထောင်ထားပေးခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှလည်း အုပ်ချုပ်ရေး လာရောက် ချမှတ်ရန် ဒေသခံများဘက်က လက်မခံသောကြောင့် ဒေသခံများကို နည်းလမ်းပေါင်းစုံ ခြိမ်းခြောက် နေကြောင်းလည်း ဗိုလ်မှူးချုပ် စောဒဲဖိုးက ဆက်ပြောသည်။

ထိုသို့ စစ်ကောင်စီဘက်မှ အုပ်ချုပ်ရေး လာရောက်ချမှတ်၍ ကေအဲန်ယူ၏ အုပ်ချုပ်ရေးအပေါ်ဝင်ရောက် စွက်ဖက်ရန် ကြိုးစားလာမှုနှင့်ပတ်သက်၍ ကေအဲန်ယူအနေဖြင့် လုံးဝ လက်မခံနိုင်သောကြောင့် ယခုလို သဘောထားထုတ်ပြန် သတိပေးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။

၎င်းအပြင် ဒေသခံ ပြည်သူလူထုများ၏ လုပ်ငန်းခွင် သွားလာရေးနှင့် ကုန်စည်ရိက္ခာ ဝယ်ယူသယ်ဆောင်ခြင်း များအပေါ် စစ်ကောင်စီဘက်မှ ဝင်ရောက်စွက်ဖက် နှောင့်ယှက်ခြင်းမပြုရန်လည်း ကေအဲန်ယူ၏ ထုတ်ပြန် ချက်တွင် ဆက်လက်သတိပေးဖော်ပြထားသည်။

“အဲ့ဒီ ဘောဂလိဒေသဘက်က လူတွေက တောင်ငူမြို့ပေါ်တက်ပြီး ရိက္ခာတွေ ဝယ်စားရတာ။ ဒါကို သူတို့က သွား လာရင် မှတ်ပုံတင် ပြရတယ်၊ အများကြီးမသယ်ခိုင်းဘူး။ ဒေသခံတွေက မိုးတွင်းကာလ လမ်းပျက်မှာစိုးလို့ ရသလောက်သယ်လာတာကို အများကြီးမသယ်ခိုင်းဘူး။ ပြီးတော့ အဲ့ဒီဘောဂလိက ဒေသခံအရပ်သားကုန် ကားတွေကိုလည်း သူတို့ (စကစ)ရဲ့ ပစ္စည်းတွေသယ်ဖို့အတွက် ခေါ်သုံးတာမျိုးလည်း လုပ်တယ်” ဟု တပ်မဟာ မှူး ဗိုလ်မှူးချုပ် စောဒဲဖိုးက ဖြည့်စွက်ပြောသည်။

ထိုသို့ ဟန့်တားနှောင့်ယှက်မှုများ၊ ဝင်ရောက်စွက်ဖက်မှုများ ဆက်လက်လုပ်ဆောင်ပါက နောင်ဖြစ်လာမည့် အကျိုးဆက်များကို ကေအဲန်ယူအနေဖြင့် တာဝန်ယူမည်မဟုတ်ကြောင်းလည်း ကေအဲန်ယူ တပ်မဟာ(၂)က သတိပေးထားသည်။

အလားတူ စစ်ကောင်စီဘက်မှလည်း စစ်ရေးနည်းလမ်းများဖြင့် လေကြောင်း တိုက်ခိုက်မှုများ၊ မြေပြင် ထိုးစစ်ဆင်မှုများဖြင့် တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ပြောင်ပြောင်တင်းတင်း စိန်ခေါ်ခြိမ်းခြောက်ပြောဆိုမှုများ ရှိကြောင်းလည်း ကေအဲန်ယူက ဆိုသည်။