Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်‌ရေးတာဝါတိုင် ၅ ခု‌မြောက် ထပ်မံဖျက်ဆီးခံရ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel ဆက်သွယ်‌ရေးတာဝါတိုင် ၅ ခု‌မြောက် ထပ်မံဖျက်ဆီးခံရ

3234

ဇွန် ၂၈ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသရှိ ‌ကျေးရွာများတွင် တပ်ဆင်ထားသည့် စစ်တပ်ပိုင် Mytel (မိုင်တဲလ်) ဆက်သွယ်‌ရေးတာဝါတိုင် ၅ ခု‌မြောက် ထပ်မံဖျက်ဆီးခံရ‌ကြောင်း ‌ဒေသခံများထံမှ သိရသည်။

ဝင်း‌ရော်‌ဒေသ ‌ကျောက်ဘီလူးရွာ ရပ်ကွက် (၂) တွင် တပ်ဆင်ထားသည့် မိုင်တဲလ်ဆက်သွယ်‌ရေး တာဝါတိုင်တစ်ခု ဇွန် ၂၇ ရက်၊ ည ၈ နာရီ‌ကျော်အချိန်တွင် ဗုံးဟုယူဆရသည့်အရာဖြင့် ‌ဖောက်ခွဲခံရပြီး စက်ပစ္စည်းများ မီး‌လောင်ပျက်စီးသွားသည်ဟု အမည်မ‌ဖော်လိုသူ ရွာသားတစ်ဦးက ယ‌နေ့ ဇွန် ၂၈ ရက်တွင် ‌ပြောသည်။

၎င်းက “ရွာမှာက တယ်လီ‌နောတိုင်ရယ် မိုင်တဲလ်တိုင်ရယ် နှစ်ခုပဲရှိတယ်။ ညက ၈ နာရီ‌ကျော်‌လောက်မှာ မိုင်တဲလ်ဖုန်းတိုင်‌ခြေရင်းမှာ ‌ဖောက်ခွဲခံရ‌တော့ အသံအ‌တော်ကျယ် ကြားရတယ်။ ‌ကြောက်‌တော့ သွားမကြည့် ရဲကြဘူး‌လေ။ တစ်ချက်ပဲ ‌ပေါက်ကွဲမှုဖြစ်တယ်။ ဖုန်းလိုင်း‌တော့ ဆက်သွယ်‌ပြောလို့ရ‌သေးတယ် ” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ပြီးခဲ့သည့် ဇွန် ၂၄ ရက်တွင် ထီ‌မောင်ထို၊ ‌တောင်ဒီး၊ ကျုံခဝန်၊ ဖားပြရွာရှိ တပ်ဆင်ထားသည့် Mytel ဆက်သွယ် ‌ရေးဖုန်းတာဝါတိုင် မီး‌လောင်ခံခဲ့ရပြီး ဝင်း‌ရော်‌ဒေသတွင် ၅ ရက်အတွင်း စစ်တပ်ပိုင် ဖုန်းတာဝါတိုင် ၅ ခုအထိ မီး‌လောင်ပျက်စီးသွား‌ကြောင်း ရွာသားများထံမှ သိရသည်။

“ ဖုန်းတိုင်‌တွေ ဖျက်ဆီးခံရတာ ၊ မီး‌လောင်ခံရတာ‌တွေကို ကျ‌နော်တို့ စုံစမ်းစစ်‌ဆေးမှု‌တွေ လုပ်‌နေပါတယ်။ KNU ရဲ့ မူလမ်းစဉ်အတိုင်းပဲ ဆက်လက်လုပ်‌ဆောင်သွားမယ်” ဟု KNU ဝင်း‌ရေးမြို့နယ် အုပ်ချုပ်‌ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့‌ပြောသည်။

စစ်တပ်ပိုင် ဖုန်းတာဝါတိုင် ဖျက်ဆီးခံရသည့်အ‌ပေါ် သက်ဆိုင်ရာနယ်‌မြေရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကလည်း စုံစမ်းမှုများလုပ်‌ဆောင်‌နေလျက်ရှိပြီး တပ်ပိုင်ဖုန်းတိုင်များ မီး‌လောင်ပျက်စီးသည့်အ‌ပေါ် ‌ဒေသအတွင်း တစ်‌ကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ‌ဒေသခံများက စိုးရိမ်လျက်ရှိ‌ကြောင်း ‌ကျေးရွာတာဝန်ရှိ သူများထံမှ သိရသည်။