Home သတင်း လှိုင်းဘွဲ အ.ထ.က ‌ကျောင်းကို ‌ကျောင်းသားမိဘများ လုံခြုံ‌ရေးယူပြီး‌ကျောင်းတက်‌နေရ

လှိုင်းဘွဲ အ.ထ.က ‌ကျောင်းကို ‌ကျောင်းသားမိဘများ လုံခြုံ‌ရေးယူပြီး‌ကျောင်းတက်‌နေရ

2367

ဇွန်လ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဇွန်လ ၁ ရက်‌နေ့က စတင်ဖွင့်လှစ်သည့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ အ‌ခြေခံပညာအထက်တန်း‌ကျောင်းကို ‌ကျောင်းသားမိဘများက ‌ကျောင်းလုံခြုံ‌ရေး ယူ‌ပေးပြီး‌ကျောင်းတက်ကြရသည်ဟု မြို့ခံများက ‌ပြောသည်။

လှိုင်းဘွဲ အ.ထ.က ‌ကျောင်းတွင် စစ်တပ်အသိုင်းအဝိုင်းမှ‌ကျောင်းသူ‌ကျောင်းများနှင့် လှိုင်းဘွဲမြို့ရှိ ‌ကျောင်းသူ/သား အနည်းငယ်သာ‌ကျောင်းတက်ကြပြီး ‌ကျောင်းလုံခြုံ‌ရေးအတွက် ရဲတပ်ဖွဲ့က လုံခြုံ‌ရေးယူ‌ပေး‌နေသည့်အပြင် ‌ကျောင်းသား မိဘများလည်း အလှည့်ကျလုံခြုံ‌ရေး‌စောင့်ကြည့်‌ပေး‌နေရသည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရသည်။

အမည်မ‌ဖော်လိုသည့် မြို့ခံတစ်ဦးက “‌ကျောင်းသွားတက်တဲ့သူ‌တွေ‌တော့ ရှိတယ်။ ‌ကျောင်းစဖွင့်တဲ့ရက်‌တွေမှာ ‌တော့ ရဲ‌တွေက လုံခြုံ‌ရေး လာယူထားတာ‌တွေ့ရတယ်။ ခုရက်ပိုင်းမှာဆိုရင်‌တော့ ‌ကျောင်းသားမိဘ‌တွေ ၃ ‌ယောက်က‌နေ ၅ ‌ယောက်ကြား ‌ကျောင်း‌ရှေ့မှာထိုင်ပြီး အလှည့်ကျလုံခြုံ‌ရေး‌စောင့်‌ပေးတာ‌တော့ ရှိတယ်။ ရွာက က‌လေး‌တွေ ‌ကျောင်းလာတက်တာ‌တော့ မ‌တွေ့ဘူး။ ” ဟု ၎င်းက ‌ပြောသည်။

အ.ထ.က(လှိုင်းဘွဲ) ‌ကျောင်းသည် ‌မေလ ၂၄ ရက်‌နေ့မှစတင်၍ ၃၁ ရက်‌နေ့အထိ ‌ကျောင်းအပ်လက်ခံပြီး ယခင်နှစ် ပုံမှန်‌ကျောင်းအပ်သူဦး‌ရေ ၇၈ဝ ဝန်းကျင်ရှိ‌သော်လည်း ယခုနှစ်တွင် ၁၁၅ ဦးသာရှိသည်ဟု အမည်မ‌ဖော်လိုသည့် ပညာ‌ရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။ ထို့အပြင် အ.ထ.က (လှိုင်းဘွဲ)‌ကျောင်းတွင် ပညာ‌ရေးဝန်ထမ်း‌ကျောင်း ဆရာ/မ ၃ဝ ဦးရှိသည့်အနက် ၁၄ ဦးသည် CDM (အာဏာဖီဆန်မှု)တွင် ပါဝင်ပြီး ကျန် ၁၆ ဦးသည် Non- CDM အဖြစ် ရှိ‌နေ‌သေးသည်ဟု သိရသည်။

အလားတူ အ.ထ.က (လှိုင်းဘွဲ) ‌ကျောင်းသာမက အ.ထ.ကခွဲ(လှိုင်းဘွဲ)‌ကျောင်း နှင့် အ.ထ.ကခွဲ (ဒိုင်းပြ)‌ကျောင်း တွင်လည်း ‌ကျောင်းဖွင့်လှစ်လျက်ရှိပြီး အလားတူ ‌ကျောင်းသားမိဘများမှ အလှည့်ကျ လုံခြုံ‌ရေး‌စောင့်ကြည့်‌ပေး ‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။