ဇွန်လ ၆ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်အတွင်းရှိ အာဇာနည် ဗိမ္မာန်များအား စစ်ကောင်စီအဖွဲ့မှ ယနေ့ ညတွင်းချင်း ဘူဒိုဇာများ အသုံးပြုကာ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန်လ ၆ ရက် ည ၉ နာရီအချိန်ခန့်မှစ၍ ကရင်ပြည်နယ် ဖားအံမြို့၊ မြဝတီမြို့၊ ကော့ကရိတ်မြို့ နှင့် ကြာအင်းဆိပ်ကြီး မြို့တို့ရှိ အာဇာနည်ဗိမ္မာန်များကို စစ်ကောင်စီအဖွဲ့မှ ဘူဒိုဇာများဖြင့် ညတွင်းချင်း အင်အားသုံး ဖြိုချဖျက်ဆီးခဲ့ကြသည် ဟုဒေသခံပြည်သူများ က ပြောသည်။
ထိုသို့ အာဇာနည်ဗိမ္မာန်အား ဖြိုချဖျက်ဆီးမှုနှင့် ပတ်သက်၍ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ဒေသခံပြည်သူများအကြား ဝေဖန်မှုများရှိနေသည်။
“အာဇာနည်တွေဆိုတာ ကျောက်တိုင်ရှိလို့အာဇာနည်ဖြစ်သွားတာမဟုတ်ဘူး။ အာဇာနည်ဖြစ်လို့ ကျောက်တိုင်ထူပေးကြတာ။ အဲ့လိုဘဲ ပြည်သူတွေကလည်း အာဇာနည်တွေကို ကျောက်တိုင်ရှိလို့ သတိရကြတာမဟုတ်ဘူး။ သတိတရနဲ့ တန်ဖိုးထားလို့ ကျောက်တိုင် ထူထားကြတာ။ သူတို့ရဲ့ အငုံ့စိတ်နဲ့ ဘယ်လိုဘဲဖြိုဖြို လူတွေရဲ့ရင်ထဲမှာ အာဇာနည်တွေကို မေ့ပျောက် သွားကြမှာ မဟုတ်ပါဘူး။ ဒီလုပ်ရပ်က စစ်ကောင်စီအပေါ် ပြည်သူတွေရဲ့ အမုန်းတရားက ပိုမိုကြီးထွား လာစေမည်” ဟု မြဝတီမြို့ဒေသခံ တစ်ဦးက သုံးသပ် ပြောဆိုသည်။
NLD အစိုးရ အာဏာရစဉ်က ကရင်ပြည်နယ်အတွင်း အာဇာနည်ဗိမ္မာန်များကို ပြုပြင်မွမ်းမံမှု ဆောင်ရွက်ထားခဲ့မှုများကို ယခု စစ်ကောင်စီ အာဏာသိမ်းပြီး ၃ လ ကျော် အကြာတွင် ပထမအကြိမ် ဖြိုချဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။



















