Home သတင်း စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်‌ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များကို KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်‌ချေမှုန်းရန် ကရင်လက်နက်ကိုင်အဖွဲ့များကို KNLA ဒုစစ်ဦးစီးချုပ်တိုက်တွန်း

2042

‌မေလ ၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာရှင်စနစ်ကို အတူတကွ တိုက်ဖျက်‌ချေမှုန်းကြရန် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA )ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ကရင်လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ကို ယ‌နေ့ (‌မေ ၂ရက်) တိုက်တွန်းလိုက်သည်။

ကရင်ပြည်နယ်‌မြောက်ပိုင်း ဖာပွန်‌ဒေသဘက်တွင် စစ်‌ကောင်စီတပ်မှ ‌လေယာဉ်၊ ‌မြေပြင်ဖြင့် ထိုးစစ်ဆင်လာမှုနှင့်ပတ်သက်၍ KNLA ဒုတိယစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်- DKBA ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ – KNU/KNLA-PC နှင့် ကရင်နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့များအား ယ‌နေ့ ‌မေလ ၂‌နေ့တွင် ကရင်ဘာသာဖြင့် အား‌ပေးတိုက်တွန်း စာတစ်‌စောင်‌ပေးပို့ရာတွင် ထိုသို့ ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“KNLA၊ DKBA၊ KNU/KNLA-PC နှင့် BGF ရဲ‌ဘော်များအားလုံး၊ ကရင့်‌တော်လှန်‌ရေး နှစ်‌ပေါင်း ၇၀‌ကျော် ကာလအတွင်း အခုလို အခွင့်‌ကောင်းအခါ‌ကောင်းမျိုး တစ်ကြိမ်တစ်ခါမျှမရှိခဲ့ပါ။ ဒါကို အခွင့်‌ကောင်းယူပြီး ကျ‌နော်တို့တ‌တွေ ညီညီညွတ်ညွတ်ရပ်တည်ပြီး ‌နောင်လာမယ့် မျိုးဆက်‌တွေ စစ်အာဏာရှင်စနစ်က လွတ်‌မြောက်ဖို့၊ လွတ်လပ်‌ရေးရရှိဖို့အတွက် ကျ‌နော်တို့ မျိုးဆက်မှာ ဒီဗမာစစ်အာဏာရှင်စနစ်ကို တိုက်ဖျက်‌ချေမှုန်းသွားကြပါ” ဟု ဒုတိယဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက တိုက်တွန်းထားသည်။

လက်ရှိအချိန်တွင် ကရင်အမျိုးသားအချင်းချင်းကြား တဖန်‌သွေးစည်းရန် အ‌ရေးကြီးပြီဖြစ်‌ကြောင်း၊ လတ်တ‌လောတွင် ရန်သူသည် ‌ကော်သူး‌လေ ‌မြောက်ပိုင်းဘက်တွင် ‌လေ‌ကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်‌ဆောင် ‌နေ‌သော်လည်း ထိ‌ရောက်မှုမရှိဘဲ ‌မြေပြင်တွင်ရှိသည့် ၎င်းတို့ တပ်ဖွဲ့များ စိတ်ဓာတ်မြင့်တင်‌ရေးအတွက်နှင့် ပြည်သူလူထုများကို ‌ကြောက်လန့်သွား ‌အောင်လုပ်‌ဆောင်ခြင်းသာဖြစ်သည်ဟု ၎င်းက ဆက်လက်‌ပြောဆိုထားသည်။

ယခုလို ‌လေ‌ကြောင်းတိုက်ခိုက်မှုလုပ်‌ဆောင်ခြင်းသည် ‌မြေပြင်တွင်ရှိသည့် ကြည်းတပ်များ၏ အားနည်းချက်ကို ‌ဖော်ပြခြင်းဖြစ်သလို မိမိတို့ တပ်ဖွဲ့ဝင်များ၏ ဝိုင်းပိတ်ဆို့ခံရ‌သော ၎င်းတို့‌မြေပြင်တပ်ဖွဲ့အား ကူညီနိုင်‌ရေးအတွက် စစ်အင်အားတိုးချဲ့လာခြင်းဖြစ်သည်လည်းဟု ဆိုသည်။

ထိုသို့ တပ်အင်အား တိုးချဲ့မှုများလုပ်‌ဆောင်ရာတွင် နယ်ခြား‌စောင့်တပ် ( BGF )တပ်ဖွဲ့များကို အကူအညီ‌တောင်းထား‌ကြောင်း သိရပြီး ရန်သူ၏အကြံအစည်သည် ကရင်လူမျိုးတစ်ဦးတစ်‌ယောက်အတွက်မျှ ‌ကောင်းကျိုးမရှိခဲ့သည့်အပြင် မိမိတို့အချင်းချင်းကြား တိုက်ခိုက်ရခြင်းသာဖြစ်၍ ထိခိုက်‌သေဆုံးသူများသည်လည်း မိမိတို့ကရင်အမျိုးသားများသာဖြစ်သည်ဟုလည်း ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲက ‌ပြောသည်။

သို့ဖြစ်ပါ၍ ယ‌နေ့မှစ၍ အမျိုးသား‌ရေးအလုပ်ကို မားမားမတ်မတ် ခိုင်မာစွာဖြင့် မှန်ကန်သည့်ဘက်ကို ရပ်တည်ရန်၊ အ‌ကောင်းနှင့်အဆိုးကို ‌ဝေဖန်ပိုင်းခြားရန်၊ စည်းလုံးညီညွတ်‌ရေးလမ်း‌ကြောင်းကို ရှာ‌ဖွေရန်နှင့် ဗမာစစ်အာဏာရှင်စနစ်ကို ရဲရင့်စွာ တိုက်ဖျက်‌ချေမှုန်းကြရန်ကိုလည်း KNLA ဒုစစ်ဦးစီးချုပ်က တိုက်တွန်းလိုက်သည်။