ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသ၊ စမွတ်ဆာခွန်မြို့နယ်တွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား ၁,ဝဝဝ ဦး ကျော်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့မှုကြောင့် ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မြန်မာအလုပ်သမားများကို ထိုင်း အစိုးရက ဒီဇင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းမှစ၍ ကိုဗစ်ရောဂါပိုး အခမဲ့စစ်ဆေးပေးခြင်းကို ဆောင်ရွက် နေကြောင်း မဲဆောက်မှလာသော သတင်းများအရ သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် တာ့ခ်ခရိုင်ကျန်းမာရေးဦးစီးဌာန၊ တာ့ခ်ခရိုင်ရဲတပ်ဖွဲ့၊ အမှတ် ၃ စစ်တိုင်းတပ်ရင်းမှ ထိုင်းတပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများ ပါဝင်ဆောင်ရွက်ပေးနေကြသလို မဲဆောက်မြို့နယ် အတွင်း မြန်မာ အလုပ်သမားများအများဆုံးနေထိုင်ကြသည့်အတွက် ယခုလိုစစ်ဆေးပေးခြင်းဖြစ်ကာ အခမဲ့စစ်ဆေး ပေးခြင်းကို မခံယူပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ထို့အပြင် လက်ရှိအချိန်တွင် တာ့ခ်ခရိုင်နှင့် မဲဆောက်မြို့နယ် အတွင်းရှိ မြန်မာအလုပ်သမားများကို တစ်နေရာ မှတစ်နေရာသို့ သွားလာခြင်း၊ ရွှေ့ပြောင်းခြင်းများ မပြုလုပ်ကြရန် တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှုးက ညွှန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု မြန်မာရွှေ့ပြောင်းလုပ်သားများ ပြောသည်။
ထို့အပြင် တာ့ခ်ခရိုင်၊ ထိုင်းကျန်းမာရေးဦးစီးဌာန၏ ယခုလို ကိုဗစ်ရောဂါ အခမဲ့စစ်ဆေးပေးခြင်းကို မခံယူပါက အလုပ်လုပ်ကိုင်ခြင်း၊ ဈေးရောင်းချခြင်းတို့ကိုလည်း ခွင့်ပြုမည်မဟုတ်ဘဲ ဥပဒေအရ အရေးယူသွား မည်ဖြစ်သည်။
“ကျမတို့ အလုပ်သမားတွေကို ထိုင်းကျန်းမာရေးဌာနက ကိုဗစ်ရောဂါပိုးအခုလို အခမဲ့စစ်ဆေးပေးတဲ့ အတွက် ဝမ်းသာမိပါတယ်။ အခမဲ့စစ်ဆေးပေးတဲ့အပြင် ကိုဗစ်ရောဂါပိုးတွေ့ရှိရင်လည်း ဆေးရုံမှာကုသပေးမယ်လို့ သိရ ပါတယ်။ စစ်ဆေးပေးပြီးကြောင်းနဲ့ ကိုဗစ်ပိုး မတွေ့ရှိကြောင်း (Negative) အဖြေထွက်ရင် ကျန်းမာရေး ထောက်ခံ ချက်လက်မှတ်ထုတ်ပေးမယ်လို့ သိရတဲ့အတွက်ထိုင်းက တာဝန်ရှိသူတွေလာစစ်ရင် ဒီလက်မှတ်ကို ထုတ်ပြလိုက် ရုံပဲ”ဟု မဲဆောက်ဈေးအတွင်း အလုပ်လုပ်နေသူ မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိတွင် မဲဆောက်မြို့နယ်အတွင်း မြန်မာအလုပ်သမား ၁၂ ဦး၌ Covid-19 ကူးစက်ရောဂါတွေ့ရှိထားပြီး ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း၊ ထိုင်းနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်သူ စုစုပေါင်း ၅,ဝဝဝ ခန့် ရှိပြီး သေဆုံးသူ ၆ဝ ဦး ရှိကြောင်း ထိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။