ဒီဇင်ဘာ ၂၉ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်းခလိန်းဖောင်အွာ
ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အတွက် ကရင် ပြည်နယ်အတွင်းရှိ ဝါသနာရှင်များမှ ကိုယ်ပိုင်တီထွင်ဆန်းသစ် ရက်လုပ်ထားသည့် ဂျပ်ခုတ် အထည်များ နှင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကရင်ရိုးရာဂျပ် ခုတ်ဒီဇိုင်းပြိုင်ပွဲလျှောက်လွှာများကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်ကာ ရယူတင်သွင်းနိုင်ပြီဟု သိရသည်။
အဆိုပါပြိုင်ပွဲကို ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပမည်ဖြစ်ပြီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်ရိုးရာ အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်သည့်အနေဖြင့် ကရင်ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ဖားအံမြို့ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်ဧကရီအောင်အောင်က ကေအိုင်စီသို့ ယခုလိုပြောသည်။
“ ကရင်နှစ်သစ်ကူး အထိမ်းအမှတ်ပေါ့။ ကရင်ရိုးရာအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲကို ကျင်းပလာတာ ဒီနှစ်နဲ့ဆို ၃ ကြိမ်မြောက်ဖြစ်သွားပြီး၊ ဒီနှစ်က ကိုဗစ် ကာလဖြစ်တဲ့အတွက် ဖားအံမှာလာပြီး အရင်တုန်းကလို ရက်ခိုင်းလို့မရဘူးပေါ့။ မရတော့ သူတို့ ရက်ထား တဲ့အထည်တွေကို ကားဂိတ်ကနေပို့ပေးပြီးတော့မှ ဒိုင်အဖွဲ့တွေက ဆုရွေးချယ် မှာပေါ့ ” ဟု ဒေါ်ဧကရီအောင်အောင်က ပြောသည်။
ထို့အပြင ်ကိုယ်ပိုင်ဒီဇိုင်းနှင့် တီထွင်ဖန်တီးပြီး ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ဆုရရှိသူများ၏ ကိုယ်ပိုင်ဖန်တီးထားသည့်ဒီဇိုင်းကို တရားဝင်မူပိုင်ခွင့်ရရှိရန် လုပ်ဆောင်ပေးလိုသည့် ရည်ရွယ်ချက်များလည်း ပါဝင်ကြောင်း ဒေါ်ဧကရီအောင်အောင်က ဖြည့်စွက်ပြောသည်။
ပြိုင်ပွဲဝင်သူများ၏ ကုန်ကျမည့် ချည်တန်ဖိုးကို အစိုးရမှ ထောက်ပံ့ပေးမည်ဖြစ်ပြီး မိမိကြိုက်နှစ်သက်ရာ ကရင် ရိုးရာဒီဇိုင်းထဘီကို အလျား ၃ ပေ၊ အနံ ၁၆ လက်မ ရက်လုပ်ရမည်ဖြစ်ပြီး ကိုယ်ပိုင်ဒီဇိုင်းနှင့် တီထွင် ယှဉ်ပြိုင် ရမည် ဖြစ်သည့်အတွက် ဈေးကွက်အတွင်းမှ ရောင်းချသည့် ဒီဇိုင်းကို ကူးယူရက်လုပ်ခြင်းမပြုရန် ပြိုင်ပွဲ စည်းကမ်းချမှတ်ထားသည်။
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ် ၇ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် သူများ၏ ကိုယ်ရေးအချက် အလက်ကို ၂၀၂၁ ဇန်နဝါရီ ၁ရက်နေ့ နောက်ဆုံးထား၍ မိမိမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မြို့နယ် ကရင်စာပေနှင့် ယဉ် ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းထံ ပေးပို့ရမည်ဖြစ်ကာ ပြိုင်ပွဲဝင်မည့် ဂျပ်ခုတ်အထည်ကို ဇန်နဝါရီ ၈ရက်နေ့တွင် နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ် ဒုတိယအကြိမ် ရိုးရာဂျပ်ခုတ်ပြိုင်ပွဲကို ကရင်ပြည်နယ် ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပခဲ့ ကြပြီး မြို့နယ်အသီးသီးမှ ပြိုင်ပွဲဝင် ၃၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ နှင့် ပဉ်စမ စသည့် ဆု၅ဆု ကိုချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။