မတ်လ ၅ ရက်၊ ၂၀၂ဝ ခုနှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအန္တရာယ် ကြိုတင် ကာကွယ်ရေး အသိပညာပေးခြင်းလှုပ်ရှားမှု (ကမ်ပိန်း) အစီအစဉ်တစ်ခုကို ယနေ့ မတ်လ ၅ရက်နေ့နံနက် ၉ နာရီအချိန်တွင် ပြုလုပ်သွားခဲ့သည်။
အဆိုပါ ကမ်ပိန်းအစီအစဉ်ကို လူစည်ကားရာနေရာများ၊ လမ်းမကြီးများ၊ နိုင်ငံတကာ ဝင်ပေါက် ထွက်ပေါက် ဖြစ်သော မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား နေရာများတွင် ဆိုင်းဘုတ်ထူခြင်း၊ စတေကာများကပ်ခြင်းနှင့် Mask (နှာခေါင်းစည်း)များဖြန့်ဝေပေးခြင်း လုပ်ငန်းများအား ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ မြဝတီမြို့က နယ်စပ်မြို့ဖြစ်တော့နိုင်ငံ ခြားသားတွေနေ့စဉ် အများအပြားဝင်ထွက်နေကြပါ တယ်။ အခုအချိန်ဟာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုဟာနိုင်ငံတွေ တော်တော်များများကူးစက်ခံနေရပြီး၊ လူသေဆုံးမှုတွေ များပြားလာတဲ့အတွက် ကျနော်တို့နိုင်ငံကပြည်သူတွေကိုရောဂါပိုး ကူးစက်မှု အန္တရာယ်တွေ မဖြစ်စေရအောင်ရည်ရွယ်ပြီး ဝူဟန် ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ရေး အသိပညာပေး ဆိုင်းဘုတ်တွေကို နေရာအနှံ့ထောင်တယ်။ ပြီးတော့လူစည်ကားရာနေရာ တွေမှာ ရောဂါပိုးကူးစက်ခံရမှုကာကွယ်ဖို့ လုပ်ဆောင်ရမယ့် အချက်တွေပါတဲ့ ပန်းဖလက်တွေနဲ့ (Mask)တွေ မျှဝေတာတွေ အစရှိတဲ့ ကမ်ပိန်းများ ပြုလုပ်ခဲ့ပါတယ်”ဟု ယင်းလှုပ်ရှားမှုအစီအစဉ်တွင် ပါဝင်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က ပြောသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပြန့်ပွားမှုမရှိအောင် ကြိုတင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားသလို သံသယလူနာများ တွေ့ရှိပါက ကျန်းမာရေးဌာန၏ လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြဝတီခရိုင် ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကေခိုင်ထက်က ပြောသည်။
“ကျမတို့ မြဝတီခရိုင်ကျန်းမာရေးဦးစီးဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားနဲ့ နယ်ခြားသောင်ရင်းမြစ်ဖြတ်ကျော် လှေဆိပ်တွေမှာ ဝင်ထွက်သွားလာသူများကို ကိုယ်အပူချိန်တိုင်း ကိရိယာများဖြင့် အပူချိန် တိုင်းတာခြင်းများ၊ အသိပညာပေးခြင်းများ ဆောင်ရွက်နေပါတယ်။ သတ်မှတ်အပူချိန်ထက် ကျော်လွန်တဲ့ သံသယလူနာ တွေ့ရှိခဲ့ရင် ကျမ်းမာရေးဌာန၏ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် ဆောင်ရွက်သွားမယ်”ဟု ဒေါက်တာ ကေခိုင်ထက်က ပြောသည်။
ကိုရိုနာဗိုင်းရပ်စ် မကူးစက်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရမှုနှင့်ပတ်သက်၍ မြဝတီမြို့ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ ဒေါက်တာကိုကိုအောင်က ယခုလို ပြောသည်။
“အဓိက ဆောင်ရွက်ရမှာက လက်တွေကိုစင်ကြယ်စွာ မကြာခဏဆေးကြောရမယ်၊ နှာချေ ချောင်းဆိုးရင်လက် ကိုင်ပုဝါ၊ တစ်သျှူးတွေကိုအသုံးပြုရမယ်၊ အသုံးပြုပြီး သားတစ်သျှူးတွေ ကိုလည်း အမှိုက်ပုံးထဲကိုစနစ်တကျ စွန့်ပစ်ကြရမယ်၊ နှာချေ၊ ချောင်းဆိုး၊ လည်ချောင်းနာ၊အသက်ရှူရ ခက်ပြီးကိုယ်အပူချိန်မြင့်မားတဲ့လက္ခဏာတွေရှိရင် နီးစပ်ရာဆေးရုံကိုသွားရောက်ပြီး ကုသမှုခံယူကြ ရမယ်၊ သူတို့နဲ့အနီးကပ်ပြီးမနေကြဖို့နဲ့ ရေဝဝ,သောက်မယ်၊ အိပ်ရေးဝဝ,အိပ်မယ်၊ အဟာရဖြစ်တဲ့ အစားအစာတွေစားပါ။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်းဖြင့်ကိုယ်ခံအားကိုတက်စေပါတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်မှုအန္တရာယ်ကာကွယ်ရေးဆောင်ရွက်မှုအား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူးဦးဖြိုးဇော်ကိုကို၊မြဝတီခရိုင်ဆေးရုံကြီးမှ ဒေါက်တာကေခိုင်ထက်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြဝတီခရိုင်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။
တရုတ်ပြည် ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံရသူ တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် ယမန်နေ့ မတ်လ ၄ ရက်နေ့ ညနေပိုင်း သတင်းထုတ်ပြန်ချက်အရ ရောဂါပိုး ကူးစက်သည့် နိုင်ငံပေါင်း ၈၁ နိုင်ငံရှိပြီး ရောဂါပိုးကူးစက်ခံရသူအရေအတွက်အားဖြင့် ၉၃,၅၂၁ ဦး ထိရှိရာ သေဆုံးသူ ၃,၂၀၂ ဦး ထိရှိလာကြောင်း သိရသည်။
နယ်မြေအခြေအနေအရ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့သည် နိုင်ငံတကာ ဝင်ပေါက်ထွက် ပေါက်မြို့ဖြစ်သည့်အတွက် နယ်ပယ်အစုံမှ ဝင်ထွက်သွားလာမှုရှိတဲ့အပြင် တရုတ်နိုင်ငံသားများ သောင်းနှင့်ချီ၍ အများအပြားနေထိုင်လျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားနိုင်သော အခြေခံအကြောင်းအရင်းများကြောင့် ဒေသခံများအနေဖြင့် စိုးရိမ်ပူပန်စိတ်များ ဖြစ်နေကြသည်။



















