မတ်လ ၅ ရက်၊ ၂၀၂ဝခုနှစ်။ ကေအိုင်စီ။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ၊ ထမ့်ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်း (ဇုံ-စီ-3A)အတွင်း ယနေ့ နေ့လည် ၁၂ ကျော်ခန့်အချိန်တွင် မီးလောင်ခဲ့ရာ လူနေအိမ် ၅ လုံးနှင့် အိမ်သုံးပစ္စည်းများအားလုံး မီးထဲပါသွားသည်ဟု သိရသည်။
မီးလောင်မှုတွင် နေအိမ်ပါသွားသည့် နော်လေးလိုဖော “အိမ်မီးလောင်သွားတာ ၅လုံး ဘာပစ္စည်းမှပြန်မရတော့ဘူး၊ လူတောင်မှ မနည်းလွတ်အောင်ထွက်ပြေးရတယ်။ စပြီးဖြစ်တာက တစ်ခြားအိမ်ကပါ အိမ်မှာကလူကြီးမရှိဘူး။ ကလေး ၃ ယောက်ပဲ အိမ်မှာ ကျန်နေခဲ့တယ်။ ဘေးနားကအိမ်မီးလောင်ပြီးလို့လာပြောတော့မှ ကလေးကိုခေါ်ပြီး ထွက်ပြေးတာ” ဟု ကေအိုင်စီသို့ ပြောသည်။
မွန်းလွဲ ၁နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး လူနေအိမ် ၅လုံးနှင့် အိမ်သုံးပစ္စည်းများ မီးလောင်ကျွမ်းသွားခဲ့သော်လည်း ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်း၊ အိမ်ထဲရှိ ပစ္စည်းအားလုံး မီးထဲပါသွားသည့်အတွက် လက်ရှိအချိန်တွင် ချက်ပြုတ်စားသောက်ရေးနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲရှိသည်ဟု နော်လေးလိုဖော်က ဆက်ပြောသည်။

အဆိုပါ မီးလောင်မှုကို မီးစလောင်သည့်အိမ်မှ ကလေးများက မီးဆော့ကစားရင်း စတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ သော်လည်း ယခုလက်ရှိအချိန်တွင် စခန်းကော်မတီများ၊ စခန်းလုံခြုံရေးတာဝန်ရှိသူများ၊ ထိုင်းတာဝန်ရှိသူများက မီးလောင်မှုဖြစ်စဉ်ကို စုံစမ်းမှုများပြုလုပ်နေဆဲဖြစ်သည်ဟု သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဒုက္ခသည်စခန်း ၉ ခုအနက် အကြီးဆုံးဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် လူဦးရေ ၄ သောင်းခန့်ခိုလှုံလျက်ရှိပြီး နှစ်စဉ်မီးလောင်ကျွမ်းမှု ဖြစ်ပွားလေ့ရှိသည်။



















