ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂ဝ ခုနှစ်။ စောရှား
ရန်ကုန်မြို့တွင် ပြုလုပ်သည့် “သွေးချင်းတို့ရဲ့ပွဲတော်-Ethnic Myanmar Culture Fest” အထိမ်းအမှတ် ဘော လုံးပြိုင်ပွဲတွင် ကရင်တိုင်းရင်းသားကိုယ်စားပြု ဘောလုံးအသင်းသည် ရှုံးပွဲမရှိ စံချိန်ဖြင့် ဆီမီးဖိုင်နယ်တွင် ဓနု အသင်းနှင့် ထပ်မံယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။
ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်း၌ ပြုလုပ်လျက်ရှိသော အဆိုပါပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်တွင် ဓနုတိုင်းရင်း သားကိုယ်စားပြု ဘောလုံးအသင်းအား ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် ရင်ဆိုင်သွားမည် ဖြစ်ကြောင်း ကရင်အသင်း အုပ်ချုပ်သူ နည်းပြ မန်းသောလျှမ်က ယခုလိုပြောသည်။
“ကျနော်တို့အသင်းအနေနဲ့ ဓနုအသင်းကို နိုင်ပြီး ဗိုလ်လုပွဲရောက်မယ်လို့ ၁၀ဝ ရာနှုန်းပြည့် ယုံကြည်ပါတယ်။ ဗိုလ်လုပွဲမှာတော့ မလွယ်လှဘူး။ အပီကြိတ်ရမယ်။” ဟု ကေအိုင်စီသို့ ဖေဖော်ဝါရီ ၃ ရက်(ယနေ့)တွင် ပြောသည်။
ဆီမီးဖိုင်နယ်၏ အခြားပွဲစဉ်၌ ကယားအသင်းနှင့် ကယန်းအသင်းတို့ ဖေဖော်ဝါရီ ၄ ရက်၊ မနက်ပိုင်းတွင် ထိပ်တိုက် ရင်ဆိုင်တွေ့ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်တွင် အနိုင်ရရှိမည့် အသင်း ၂ သင်းသည် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ကရင်ပြည်နယ်၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများမှ ကစားသမားအများစုနှင့် စုဖွဲ့ထားသော ကရင် အသင်းအနေဖြင့် ဇန်နဝါရီ ၃၁ ရက်၌ တအာင်း(ပလောင်)အသင်းကို ၁၁ ဂိုး၊ ဂိုးမရှိဖြင့် ပွဲဦးထွက်တွင် ဂိုးပြတ် အနိုင်ရရှိခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်တွင် ကယားအသင်းအား ၁ ဂိုးစီ သရေရလဒ်ဖြင့် ကစားခဲ့ကာ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ရခိုင်အသင်းအား ၅ ဂိုး၊ ၁ ဂိုးဖြင့် အနိုင် ရရှိပြီး ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာခြင်းလည်းဖြစ်သည်။
သွေးချင်း တို့ရဲ့ပွဲတော်တွင် ပထမဦးဆုံးအကြိမ် ထည့်သွင်းပြုလုပ်လာသော ယခုဘောလုံးပြိုင်ပွဲတွင် သက်ဆိုင် ရာ တိုင်းရင်းသားလူမျိုးစုအလိုက် အသင်း ၁၂ သင်းပါဝင်ခဲ့ကြောင်း သိရသည်။
၂၀၂ဝ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အဆိုပါပွဲတော်ကို မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင် များအသင်း-MEEA မှ အဓိကပါဝင်၍ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသား လူမျိုးများ၏ စာ ပေ ယဉ်ကျေးမှု ကော်မတီအဖွဲ့များ ပူးပေါင်းပြီး ကယားတိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ အလှည့်ကျ အ ဓိကဦးဆောင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ယခုပွဲတော်တွင် ကရင်တိုင်းရင်း သားလုပ်ငန်းရှင်အသင်း အနေဖြင့် ဘောလုံးအသင်းသာမက ကရင်တိုင်းရင်းသားရိုးရာယဉ် ကျေးမှုပြခန်းများ၊ ကရင်အစားအစာများနှင့် Miss ပြိုင်ပွဲအတွက် ကရင်မိန်းမပျိုလေး ၃ ဦး ပါဝင်ယှဉ်ပြိုင်နေသည်ဟုလည်း သိရသည်။



















