ဖေဖေါ်ဝါရီလ ၃ရက်၊ ၂၀၂ဝခုနှစ်။ နေနော်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ (ဖေဖေါ်ဝါရီ ၃ရက်) နံနက် (၇း၃၀)အချိန်ခန့်က ယမ်းအားပြင်း မိုင်းဗုံး ၂ လုံး ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။
မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မင်းပဒုံမာဝန်း အာရှလမ်းနံဘေးရှိ ဦးစောတင်မြင့် (၆၁) နှစ်၏ နေအိမ် ရှေ့ဝရန် တာနေရာတွင် မိုင်းဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းဗုံးပေါက်ကွဲမှုကြောင့် အိမ်ပိုင်ရှင်ဖြစ်သူ ဦးစောတင်မြင့်မှာ ဝဲဘက် ပေါင်တွင် ယမ်းစထိမှန်ဒဏ်ရာနှင့် ၎င်း၏မိတ်ဆွေ အောင်မြေရွှေဘုံ(၃)လမ်း အမှတ်(၄)ရပ်ကွက်တွင် နေသူ ဦး စိန်လင်း(၅၉)နှစ်မှာ ဝဲဘက်ခြေသလုံး ရှပ်ထိဒဏ်ရာရရှိခဲ့၍ မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။
မိုင်းဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ နေအိမ်ပိုင်ရှင် ဦးစောတင်မြင့်က “မနက် (၇း၃၀)ခွဲ လောက်မှာ အိမ်ရှေ့တံခါး ဖွင့်ပြီး ဝရန်တာထွက်ပြီး ဆေးလိပ်သောက်တယ်။ ရှေ့ဝရန်တိုင်ဘေးမှာ အမဲရောင်ပလပ်စတစ်အိတ်နဲ့ ထုပ် ထားတဲ့ လက်သီးဆုပ်အရွယ်ခန့် အထုပ်တစ်ထုပ်နဲ့ ဝရန်တာက ကြိမ်ကုလားထိုင်ပေါ်မှာ အလားတူ အထုပ် တစ် ထုပ်ကို တွေ့ရှိတဲ့အတွက် အရင်ဆုံးဝရန်တာတိုင်ခြေမှာရှိတဲ့ အထုပ်ကို လွင့်ပစ်လိုက်တဲ့အခါမှာ ပေါက်ကွဲ မှုဖြစ် ပွားပြီးနောက် ဆယ်မိနစ်ခန်အကြာမှာ ကြိမ်ကုလားထိုင်မှာရှိတဲ့ အထုပ်ထဲကနေ ဆက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်။”ဟု ပြောသည်။
နေအိမ်ပိုင်ရှင် ဦးစောတင်မြင့်သည် ယခင်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သလို နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တွင်လည်း ၅ နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် လက်ရှိအချိန်တွင် BGF တပ်ဖွဲ့ဝင်အဖြစ်မှ အနားယူထားသူတစ်ဦးဖြစ်သည်ဟု သိရသည်။
၎င်း၏ နေအိမ်ရှေ့ဝရန်တာတွင် ပေါက်ကွဲခဲ့သော ယမ်းအားပြင်း မိုင်းဗုံးမှာ ဂေါ်လီမိုင်း ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ မိုင်းမှာ တုန်ခါမှုဖြင့် ပေါက်ကွဲနိုင်သော မိုင်းအမျိုးအစား ဖြစ်နိုင်သည်ဟု ဦးစောတင်မြင့်က သုံးသပ်ပြောဆို သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ မြဝတီမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် အုပ်ချုပ် ရေးအဖွဲ့ များ၊ မြဝတီရှေ့တန်းရုံး ရှေ့တန်းမှူး ဗိုလ်မှူးဖြိုးသူရဝင်း နှင့် မိုင်းရှင်းလင်းရေး တပ်မတော်သားများ၊ မြဝတီခရိုင်ရဲ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လင်းဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူရည် နှင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြရာ မိုင်းဗုံးဖောက်ခွဲခဲ့သည့် တရားခံအား ဖမ်းဆီးနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု တာဝန်ရှိသူများက ပြောသည်။



















