စက်တင်ဘာ ၁၃၊ ၂၀၁၉ ခုနှစ်။ နေနော်
မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေး တံတားအနီး နယ်စပ်တနေရာ၌ မြန်မာနိုင်ငံသားတစ်ဦး သေနတ်ဖြင့် အပစ်ခံရမှု စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၆နာရီခန့်တွင် ဖြစ်ပွားခဲ့သည်ဟု အပစ်ခံရသူ မောင်ဇင်ကိုက ပြောသည်။
၎င်းဖြစ်စဉ်ကြောင့် ခြေထောက်တွင် သေနတ်ကျည်ဆံထိမှန်ပြီး မြဝတီခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ မောင်ဇင်ကိုက “မနက်က ဟိုဘက် ထိုင်းဘက်ကမ်းကနေ မြဝတီဘက်ခြမ်းကို ပြန်လာမယ့် ခရီးသည်နှစ်ဦးကို တံတားအောက်ကနေ သွားကြိုတယ်။ လှေဆိပ်အနီးရောက်တဲ့အချိန်မှာ ထိုင်းဘက်ခြမ်း တံတားအနီး လူသွားစကြင်္န်ပေါ်ကနေ ထိုင်းစစ်သား ၅ ယောက်လောက်ရှိမယ်၊ ကျနော်တို့ကို သေနတ်နဲ့လှမ်းပစ်တာ အခုလို ခြေထောက်မှာ သေနတ်ကျည်ဆံ ထိမှန်ခဲ့ပါတယ်” ဟု ပြောသည်။
သေနတ်ကျဉ်ဆံထိမှန်ပြီး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့သူ မောင်ဇင်ကို (၃၅)နှစ်သည် မြဝတီမြို့၊ အမှတ် ၃ ရပ် ကွက်၊ ငှက်ပျောတောရပ်တွင် နေထိုင်သူဖြစ်ကာ မည်သည့်ပြဿာနာမှ မရှိဘဲ အဘယ်ကြောင့် အပစ်ခံရသည် ကိုမသိဟု ပြောဆိုသည်။ ဖြစ်စဉ်အပေါ် ရဲမှုခင်းဆေးစာဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း မြဝတီမြို့နယ် ရဲတပ်ဖွဲ့ကလည်း သတင်းထုတ်ပြန် ထားသည်။
ထိုသို့ မြန်မာနိုင်ငံသားတစ်ဦးအား ထိုင်းစစ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းနှင့်ပတ်သက်၍ ထိုင်းနယ်ခြား ကော်မတီအနေဖြင့် ပစ်ခတ်သူကို ဖော်ထုတ်စုံစမ်းစစ်ဆေးပြီး ထိရောက်သည့်အရေးယူမှု ပြုလုပ်သွားရန် ကန့်ကွက်စာပို့သွားမည်ဟု မြန်မာနယ်ခြားကော်မတီ ဥက္ကဌက ပြောသည်။
မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်တွင် တရားဝင်ချစ်ကြည်ရေးတံတားပေါ်မှ နှစ်ဘက်နိုင်ငံသားများ ကုန်သွယ် ရေးနှင့် ကူးသန်းသွားလာမှု နေ့စဉ်အများအပြားရှိသလို တရားဝင်မဟုတ်သည့် နယ်စပ်ဂိတ်များမှလည်း အလားတူ ကူးသန်းသွားလာမှုများရှိကြောင်း သိရသည်။