နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ယမန်နေ့၊ နိုဝင်ဘာ(၄)ရက်နေ့ မွန်းလွဲပိုင်းက စိုက်ခင်းတစ်ခုအတွင်း အလုပ်လုပ်နေသည့် အမျိုးသမီးတစ်ဦး မိုးကြိုးပစ်ခံရပြီး နေရာတွင်ပင် သေဆုံးသွားကြောင်း နီးစပ်သူများက ပြောသည်။
ယမန်နေ့၊ (၃) နာရီဝန်းကျင်အချိန်က ခပေါင်းကျောင်းရှစ်ဆယ်ရွာ၏ အရှေ့ဘက် ခပေါင်းချောင်း တောင်ဘက်ကမ်းပါးအနီးရှိ ညောင်ပင်ရွာ၊ စိုက်ခင်းတစ်ခုအတွင်း ဇနီးမောင်နှံ နှစ်ဦး အလုပ်လုပ်နေခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူမှာ မိုးကြိုးထိမှန် မီးလောင်ဒဏ်ရာဖြင့် သေဆုံးသွားသည်။
“ယာခင်းထဲမှာ သူ့ယောင်္ကျားလည်း ပါတယ်၊ အလုပ်လုပ်နေကြတာ။ မိုးကြိုးပစ်တဲ့အချိန် သူ့ယောင်္ကျားက မြေပေါ် ဝပ်ချလိုက်တော့ မပစ်မိဘူး။ သူကတော့ မီးရှို့ထားသလိုဖြစ်ပြီး သေသွားတယ်” ဟု ရွာအနီးဝန်းကျင်တွင် နေထိုင်သည့် နီးစပ်သူတစ်ဦးက ပြောသည်။
မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကိုဝင်ရောက်နေသည့်ကာလဖြစ်သော်လည်း မိုးလေ၀သဌာန၏မှတ်တမ်းများအရ ယမန်နေ့တွင် ပဲခူးတိုင်းအပါအဝင် တိုင်းဒေသကြီးပြည်နယ်အချို့၌ မိုးတိမ်တောင်များဖြစ်ထွန်းခဲ့ပြီး မိုးတိမ်တောင်ရွေ့လျားရာတစ်လျောက် မိုးရွာသွန်းခြင်း၊ လျှပ်စစ်လက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်နေသည်။
တောင်ငူမြို့နေ ဒေသခံတစ်ဦးက “မိုးရွာလာပြီး လျှပ်စီးလက်ရင် ဖုန်းမကိုင်ကြဖို့၊ သံကွန်ကရစ် မြေပြင်ပေါ် ဖိနပ်မပါဘဲ မနေကြဖို့နဲ့ လျှပ်စီးလက်ချိန် လျှပ်စီးကူးနိုင်တဲ့ အရာတွေကို မကိုင်ထားကြဖို့ သတိထားဖို့လိုတယ်” ဟု အကြံပြုသည်။
ယနေ့၊ နိုဝင်ဘာ(၅)ရက်နေ့တွင်လည်း ကရင်ပြည်နယ်အတွင်း မိုးတိမ်တောင်ဖြစ်ထွန်းမှုများရှိနေ၍ မိုးရွာပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးကြိုးပစ်ခြင်းများကို သတိပြုကြရန် မိုးလေဝသက ဆက်လက် အသိပေးထားသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဘောဂလိမြို့နယ်၌ မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းရှိပြီး ယခု နိုဝင်ဘာလဆန်းရက်ထဲတွင် မိုးကြိုးထိမှန်သေဆုံးသူ စုစုပေါင်း (၂) ဦး ရှိလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။


















