Home ဆောင်းပါး စစ်ရဲ့ သက်‌ရောက်မှု‌အောက် အနာဂတ်‌ပျောက်သွားတဲ့ ကရင်မိန်းမပျို‌လေး

စစ်ရဲ့ သက်‌ရောက်မှု‌အောက် အနာဂတ်‌ပျောက်သွားတဲ့ ကရင်မိန်းမပျို‌လေး

5986

စက်တင်ဘာ ၁၄ ရက်။ နန်း‌ဝေဖြိုးဇာ

“‌ခြေ‌ထောက်အတုတပ်ပြီးရင် စက်ချုပ်သင်ချင်တယ်” ဆိုပြီး အဖြူ‌ရောင်ပတ်တီး စည်းထားတဲ့ ‌ခြေ‌ထောက်ကိုကြည့်ပြီး ‌နောက်ထပ်စကားလုံး ဆက်‌ပြောဖို့ ခွန်အားမရှိ‌တော့တဲ့အလား အမျိုးသမီးငယ်‌လေးဟာ ‌ခေါင်းငုံ့‌နေရင်း နှုတ်ဆိတ်သွားပါ‌တော့တယ်။
သူမက‌တော့ အသက် ၁၄နှစ်အရွယ်သာရှိ‌သေးတဲ့ ‌နော်နွဲ့‌အေးဖြစ်ပြီး သူမတို့ မိသားစုဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်က DKBA က‌နေ BGF အသွင်‌ပြောင်းပြီး‌နောက် KNUနဲ့ ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ‌ကြောင့် ဇာတိရွာကို စွန့်လွတ်လိုက်ရပြီး မြိုင်ကြီးငူမှာ စစ်‌ရှောင်လာ‌နေရတဲ့ ပထမအသုတ် တိုက်ပွဲ‌ရှောင်မိသားစု‌တွေဖြစ်ပါတယ်။
မြိုင်ကြီးငူဆရာ‌တော်ရဲ့သာသနာပြု ဘုရားတည်တဲ့လုပ်ငန်းမှာ ‌ကျောက်သယ်တဲ့ လုပ်အား‌ပေး လုပ်‌နေရင်း ‌တောင်‌ပေါ်ကလိမ့် ကျလာတဲ့ ‌ကျောက်တုံး‌ကြောင့် ‌ခြေ‌ထောက်ကိုထိခိုက်မိရာမှ ‌ခြေ‌ထောက်တစ်ဖက်ဆုံး ရှုံးလိုက်ရတဲ့အမျိုးသမီး ငယ်‌လေး တစ်ဦးပါ။

၂၀၁၉ ခုနှစ် ဇွန်လဆန်းပိုင်း‌နေတစ်‌နေ့မှာ ‌နွေရဲ့အပူဒဏ်ကိုအံတုရင်း သူငယ်ချင်းအ‌ပေါင်းအ‌ဖော်‌တွေနဲ့အတူ ‌ကျောက်ထုတ်တဲ့‌တောင်‌ခြေမှာ ကုသိုလ်လည်းရ ဝမ်းလည်းဝဖြစ်တဲ့ ဘုရားတည်ဖို့ အလုပ်ခွင်ထဲ ရှိတဲ့အချိန် ” ဝုန်း”ခနဲ ဆိုတဲ့အသံကြီးတစ်ခုဟာ ‌နော်နွဲ့‌အေးရဲ့ဘဝအစိတ်အပိုင်း‌လေးတစ်ခုကို ချိုးဖဲ့ခဲ့ပါ‌တော့တယ်။
တဒဂင်္‌လေးအတွင်းအဖြစ်အပျက်က‌လေးဆို‌ပေမယ့် အသက်‌သေဆုံးသည်အထိ ဒုက္ခ‌ပေးနိုင်တဲ့ ထုထည် ကြီးမားတဲ့‌ကျောက်တုံးကြီးက ‌နော်နွဲ့‌အေးရဲ့ ဘယ်‌ခြေ‌ထောက် အ‌ပေါ်ကျ‌ရောက်ခဲ့တဲ့အတွက် အသက် ‌ဘေးကလွတ်‌မြောက်ခဲ့‌ပေမယ့် သူမရဲ့ဘယ်‌ခြေ‌ထောက်တစ်ဖက်က‌တော့ ‌ကျောက်တုံးကြီး ဖိမိတဲ့ဒဏ်‌ကြောင့် ဒူး‌အောက်အထိ‌ကြေမွသွားပြီး ‌ခြေတစ်ဖက်ကို‌တော့ ဆုံးရှုံးလိုက်ရပါ‌တော့တယ်။

တကယ်‌တော့ ‌နော်နွဲ့‌အေးဟာ အသားဖြူဖြူချစ်စရာ‌ကောင်းတဲ့ မိန်းမပျိုငယ်‌လေးတစ်ဦးပါ။ သူမမိသားစု ခိုလှှုံ‌နေတဲ့ မြိုင်ကြီးငူရပ်ကွက် အတွင်းက စာသင်‌ကျောင်းတစ်ခုမှာ ‌ကျောင်းတက်ပြီးစာ‌တော်တဲ့ ‌ကျောင်းသူ တစ်‌ယောက်ဖြစ်‌ပေမယ့် မိသားစုစားဝတ်‌နေ‌ရေး မ‌ပြေလည်တာ‌ကြောင့် မိဘ‌တွေက ‌ကျောင်းဆက် မထားနိုင်‌တော့ပဲ ၁ လကို ဆန် ၁ အိတ် ရဖို့အ‌ရေး လုပ်အား‌ပေးအလုပ် ဝင်လုပ် ‌နေရတဲ့ သူ‌လေးပါ။
အလုပ်ဝင်လုပ်ပြီး ၁လပြည့်တဲ့အချိန်မှာဘဲ ‌ခြေ‌ထောက်တစ်ဖက်ဆုံးရှုံးသွားရတဲ့အထိ ကံကြမ္မာအလှည့် အ‌ပြောင်းကို အရွယ်နှင့်မလိုက်‌အောင် သူမကြုံ‌တွေ့ခဲ့ရတာဖြစ်ပါတယ်။ ‌သွေးတိုး‌ရောဂါရှိပြီး အလုပ်ကြမ်း မလုပ်နိုင်တဲ့အ‌ဖေနဲ့ ကိုယ်ဝန်‌ဆောင်မိခင်အတွက်ရယ်က ‌နော်နွဲ့‌အေးတစ်‌ယောက် ‌ကျောင်းထွက်ပြီး မိသားစု တာဝန် ထမ်းခဲ့ရပါတယ်။
သူမဟာ ‌မွေးချင်း‌မောင်နှမ ၄ ‌ယောက်ရှိတဲ့အထဲမှာ ဒုတိယ‌မြောက်သမီးဖြစ်ပါတယ်။ အကြီးဆုံး အစ်မ ဖြစ်သူကလည်း အိမ်‌ထောင်ကွဲ က‌လေးနဲ့မို့ ဒီတာဝန်‌တွေထမ်းဖို့ သူမရဲ့အနာဂတ်ပညာ‌ရေးနဲ့ မိသားစုစား ဝတ်‌နေ‌ရေးအတွက် ‌ရွေးချယ်စရာမရှိလှတဲ့အလုပ်‌တွေထဲကမှ ဒီလုပ်အား‌ပေးအလုပ်နဲ့ အလဲအထပ် လုပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ယခုလိုမ‌တော်တဆဖြစ်သွားတဲ့အတွက် အလုပ်ဆက်လုပ်ဖို့မရ‌တော့ဘဲ မိသားစုဝင်စုစု‌ပေါင်း ၇ ‌ယောက်ရှိတဲ့ သူတို့မိသာစုထဲမှာ အခုဆိုရင် အိမ်‌ထောင်ကွဲသွားတဲ့ သူ့အစ်မတစ်ဦးထဲကသာ ‌နော်နွဲ့‌အေးလုပ်ခဲ့တဲ့ လုပ်အား‌ပေး အလုပ်‌နေရာမှာဘဲ ဆက်လုပ်ပြီး မိသားစုတာဝန်ကို ပုခုံး‌ပြောင်းထမ်း‌နေရပါတယ်။
ဒါ့အပြင်‌နော်နွဲ့‌အေးအ‌မေဖြစ်သူမှာလည်း ကိုယ်ဝန် ၉ လရှိ‌နေပြီးဖြစ်တဲ့အတွက် မကြာခင်ကာလ အတွင်းမှာ သူတို့ မိသားစုဝင် ‌နောက်ထပ်တစ်‌ယောက် ထပ်တိုးလာ‌တော့မှာလည်းဖြစ်ပါတယ်။

” ကိုယ်ဝန်မရှိတုန်းက အထည်‌တွေယက်ပြီး ‌ရောင်း‌တော့ သူ‌ကျောင်းတက်လို့ရတယ် ။ သူက‌ကျောင်းအရမ်း တက်ချင်‌သေးတယ် ။သူ့ကို‌ကျောင်းဆက်ထားဖို့ ပိုက်ဆံမရှိဘူး ကျမလဲ အသက်ကြီးမှ ‌နောက်တစ်ဗိုက် က‌လေးပြန်ရ‌တော့ အထည်လဲမယက်နိုင်‌တော့ဘူး။ သူ့ကို‌ကျောင်းထုတ်ပြီး ဘုန်းဘုန်းအလုပ်မှာ အလုပ် ‌ပေးလုပ်မလို့ သူအဲမှာလုပ်ရင် စားဝတ်‌နေ‌ရေးအတွက် နည်းနည်းအဆင်‌ပြေမယ်။ ကျမက‌လေး ‌မွေးပြီးသွားရင် သူ့ညီ၊ ညီမ‌လေးကို ကြည့်လို့ရတာ‌ပေါ့။ အဲလိုစဉ်းစားထားတာ အခုက အဆင်မ‌ပြေဘဲ ပိုဆိုးသွားတယ်” လို့ ‌နော်နွဲ့‌အေးရဲ့မိခင်က ‌ပြောပါတယ်။

သူတို့ စစ်‌ရှောင်ရတဲ့ သက်တမ်းဟာ ၁ဝနှစ်နီးပါး ရှိ‌နေပြီဖြစ်‌ပေမယ့် ကိုယ့်ရပ် ကိုယ့်ရွာပြန်နိုင်ဖို့ အလားအလာ မရှိ‌တော့တဲ့အတွက် ကြုံရာ‌နေရာမှာ အဆင်‌ပြေ‌အောင် လုပ်ကိုင်စား‌သောက် ‌နေရဖို့ကိုပဲ ကြိုးစားရုန်းကန် ‌နေရတဲ့ အ‌ခြေအ‌နေပါ။
စိုက်ပျိုးစရာ‌မြေမရှိ၊ အသက်‌မွေးဝမ်း‌ကျောင်းအတွက် အရင်းအနှီးမရှိ စီးပွား‌ရေးလည်း မလုပ်တတ်တဲ့ သူတို့ အတွက် ဝင်‌ငွေရဖို့‌တောင်ခက်ခဲ‌နေတဲ့အ‌ခြေအ‌နေ‌တွေနဲ့ရင်ဆိုင်‌နေရဆဲပါ။ သူတို့မိသားစုဝင်‌တွေလိုပဲ အခြား‌သောဘဝတူမိသားစု‌တွေဟာ စစ်‌ရှောင်သက်တမ်းကြာ‌နေပြီးဖြစ်တဲ့အတွက် မြိုင်ကြီးငူရဲ့ ရပ်ကွက် တစ်ခု ထဲမှာဘဲ မြိုင်ကြီးငူဆရာ‌တော်က ‌နေရာတစ်‌နေရာ ‌ပေး‌နေထားပြီး ဝါးအိမ်ငယ်‌လေး ‌ဆောက်ကာ မည်သူ တစ်ဦးတစ်‌ယောက်မှ ‌ထောက်ပံ့မှုမရှိဘဲ စားဝတ်‌နေ‌ရေးအတွက် ကိုယ့်ဝမ်းကိုယ်ရှာစားပြီး ‌နေလာခဲ့ရပါတယ်။

မြိုင်ကြီးငူမှာ ခွဲထွက်DKBAနဲ့ ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ် BGFကြား နှစ်ဖက် ပစ်ခတ်မှု‌ကြောင့် ၂၀၁၆ ခုနှစ်မှာ စစ်‌ရှောင်စခန်း၂ခုဖွင့်ပြီး စစ်‌ဘေး‌ရှောင် ၅‌ထောင်‌ကျော်ရှိ‌နေတယ်လို့ဘဲ အများစုက သိကြပါတယ်။
တကယ့်‌မြေပြင်မှာ‌တော့ အဲဒါထက်မကဘဲ ပြီးခဲ့ အပစ်ခတ်ရပ်စဲ‌ရေးမတိုင်ခင် ၂၀၁၀-၂၀၁၁ ခုနှစ် တုန်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူမှာ စစ်‌ရှောင်လာခဲ့တဲ့ စစ်‌ပြေး‌ရှောင်‌တွေ အ‌တော်‌တော်များများဟာ ယ‌နေ့အထိ မြိုင်ကြီးငူမှာ သက်ရှိထင်ရှား ရှိ‌နေဆဲပဲ ဆိုတာက‌တော့ အများက သတိမမူမိ ခဲ့ကြပါဘူး။
အဲဒီစစ်‌ပြေး‌ရှောင်‌တွေက‌တော့ စစ်‌ရှောင်စခန်းမှာခိုလှှုံ‌နေထိုင်တာမဟုတ်ဘဲရပ်ကွက်ထဲမှာ နိုင်သ‌လောက် အိမ်‌လေး‌တွေ‌ဆောက်ပြီး ‌နေထိုင်ကြ‌တော့ အဆင်‌ပြေတဲ့လူရှိသလို အဆင်မ‌ပြေတဲ့လူ‌တွေလည်း များစွာ ရှိ‌နေပါ‌သေးတယ်။

အများစုက ဝင်‌ငွေမရှိကြတဲ့အတွက် ဆန်၊ ဆီ၊ ဆား ရဖို့‌သေချာတဲ့ သူတို့မှီခိုအားကိုးရာ မြိုင်ကြီးငူဆရာ‌တော်ရဲ့ ဘုရားတည်၊ ‌ကျောင်း‌ဆောက်၊ လမ်းခင်း စတဲ့ သာသနာပြုလုပ်ငန်းမှာပဲ ဒီစစ်‌ဘေး‌ရှောင်အများစုက ကုသိုလ် လည်းရ ဝမ်းလည်းဝ ဆိုသလို ဝင်‌ရောက်ကူညီ လုပ်အား‌ပေးခဲ့ကြပါတယ်။
‌နော်နွဲ့‌အေးလိုပဲ သူမရဲ့ဖခင်ကျန်းမာစဉ်က မြိုင်ကြီးငူဆရာ‌တော် ရဲ့ သာသာနာပြုလုပ်ငန်းမှာပဲ ဝင်‌ရောက် လုပ်ကိုင်ခဲ့ပါတယ်။ မြိုင်ကြီးငူဆရာ‌တော်ပျံလွန်သွားပြီဖြစ်‌ပေမယ့်လည်း ဆရာ‌တော်ရဲ့ မပြီးဆုံး‌သေးတဲ့ သာသနာပြု လုပ်ငန်း‌တွေကို ကျန်ရှိတဲ့တပည့်‌တွေက ဆက်လက်လုပ်ကိုင် ‌နေဆဲဖြစ်တာ‌ကြောင့် အဲဒီက စစ်‌ဘေး‌ရှောင်‌တွေဟာ သာသနာပြုလုပ်ငန်းခွင်မှာ အခုထိဝင်‌ရောက်လုပ်ကိုင်‌နေတာ‌တွေလည်း ရှိ‌နေပါ‌သေးတယ်။

‌နော်နွဲ့‌အေးတစ်‌ယောက် ‌ခြေ‌ထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့‌နောက်ပိုင်း အလုပ်လည်း ဆက်မ လုပ်နိုင် ‌တော့သလို သူမချစ်ခင်တဲ့ သူငယ်ချင်းအ‌ပေါင်းအ‌ဖော်‌တွေနဲ့လည်း ခပ်ခွာခွာ မ‌ခေါ်မ‌ပြောပဲ ‌နေတတ် လာပါ‌တော့တယ်။
အခုဆိုရင် ‌နော်နွဲ့‌အေးတစ်‌ယောက် အိမ်တွင်းပုန်း‌နေထိုင်‌နေတာ ၄လ‌ကျော်ရှိသွားပါပြီ။ သူမရဲ့ လက်ရှိ အ‌ခြေအ‌နေ မသန်စွမ်းဘဝကို လက်မခံနိုင်‌သေးတဲ့ ‌နော်နွဲ့‌အေးဟာ အ‌ပေါင်း‌ဖော် သူငယ်ချင်းများနှင့်လည်း ရင်ဆိုင်‌တွေ့ဆုံဖို့သတ္တိမရှိ‌တော့သလို ‌ကျောင်းတက်‌ကျောင်းဆင်းချိန်တိုင်း အိမ်‌လေး‌ရှေ့ဖြတ်‌လျှောက်သွားတဲ့ ရွယ်တူ‌လေး‌တွေမြင်မိရင် အိမ်ခန်းထဲမှာ ပြန်ဝင်‌နေတတ်တယ်လို့လည်း သူမရဲ့ဖခင်က ဆိုပါတယ်။

သူမဟာ ‌ကျောင်း‌နေအချိန်မှာလည်း စာကြိုးစားပြီး ပညာ‌ရေးအပိုင်းမှာ ထူးချွန်သလို ဖခင်က မကြာခဏ ‌နေမ‌ကောင်းဖြစ်တဲ့အတွက် ကျန်းမာ‌ရေးဝန်ထမ်း ‌ဆေးဆရာမတစ်‌ယောက်ဖြစ်ချင်တဲ့ အိမ်မက်ကို မက်ခဲ့သူ‌လေးပါ။ သို့‌ပေမယ့်လည်း တတိယတန်းအထိသာ ‌ကျောင်း‌နေရပြီး ‌ကျောင်းထွက်လိုက်ရပါတယ်။
” ‌ကျောင်းလည်း ထွက်ရ၊ ‌ခြေ‌ထောက်လည်း ဖြတ်ရ‌တော့ သူမ‌တော်‌တော်စိတ်ဓာတ်ကျတယ်။ ‌ခြေ‌ထောက် ဖြတ်ရခါစ ‌ဆေးရုံက‌နေဆင်းပြီး‌တော့ အိမ်ခန်းထဲမှာဘဲ‌နေတာများတယ်။ စားစရာဘာမှမရှိဘူး အဟာရ ရှိတဲ့ဟာ မဝယ်‌ကျွေးနိုင်‌တော့ အခုသူအားမရှိဘူး ။ဝယ်စားဖို့လည်းပိုက်ဆံမရှိဘူး။ ဒီမှာလည်း သက်သားလွတ်ဘဲစားတယ်။ အခုသူ အရမ်းပိန်သွားတယ်” လို့ သူမဖခင်က သူမကို ကြည့်ရင်း ‌ပြောပါတယ်။

သူမအ‌နေနဲ့ ၇နှစ်အရွယ်ထဲက မိသားစုနဲ့အတူ မြိုင်ကြီးငူ‌ရောက်ပြီး‌နောက် သွားလာဖို့ ပိုက်ဆံမရှိတဲ့အတွက် မြိုင်ကြီးငူကလွဲပြီး ဘယ်‌နေရာမှမ‌ရောက်ဖူးသလို ဖားအံမြို့ကို‌တောင် သူမ မ‌ရောက် ဖူးခဲ့ပါဘူး။ သူမ ‌ရောက်ဖူးချင်တဲ့ ဖားအံမြို့ကို‌တော့ သူမအတွက် ‌ကောင်းမွန်တဲ့အရာ‌တွေနဲ့ ‌ရောက်ခဲ့ရတာမဟုတ်ပဲ ‌ခြေ‌ထောက်တစ်ဖက်ဆုံးရှှုံးခံရဖို့ ဖားအံ‌ဆေးရုံးကြီးကို‌ရောက်ရှိ ခဲ့ရပါတယ်။
ဆရာ‌တော် သာသနာပြုလုပ်ငန်းမှာ လုပ်အား‌ပေးဝင်လုပ်ရင်း မ‌တော်တဆဖြစ်သွားတာ‌ကြောင့် ‌ဆေးကုသမှု ခံယူ‌နေစဉ် ကျန်ရှိတဲ့ ဆရာ‌တော် တပည့်များက ‌ဆေးကုသမှုစရိတ်‌ထောက်ပံ့‌ပေးမှု‌တွေအပြင် အလှူရှင် တချို့ ကလည်း ‌ဆေးကုသစရိတ်လှူဒါန်းမှု‌တွေရှိတာ‌ကြောင့် ‌ဆေးကုသစရိတ်က သိပ်မပူရ‌တော့ဘဲ နည်းနည်း အသက်ရှူ‌ချောင်သွားတယ်လို့ သူမရဲ့ဖခင်က ‌ပြောပါတယ်။
အခုဆို ၄လ‌ကျော်ကြာမြင့်ပြီဖြစ်တဲ့ ‌ခြေ‌ထောက်အနာလဲ ‌ပျောက်ကင်း‌နေပြီးဖြစ်သလို ယခုလကုန်ပိုင်းတွင် အစားထိုး ‌ခြေတုတပ်ဆင်မည်ဖြစ်သည့်အတွက် ‌ကောင်းမွန်စွာ လမ်း‌လျှောက်နိုင်ပါက စက်ချုပ်သင်တန်း တက်ဖို့ ရည်ရွယ်ထား တယ်လို့လည်း ‌နော်နွဲ့‌အေးက‌ပြောပါတယ်။

ကရင်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရစစ်တပ်ကြား အပစ်ခတ်ရပ်စဲ‌ရေးလက်မှတ်‌ရေးထိုးထားပြီး ငြိမ်းချမ်းပြီးလို့ ‌ပြောဆိုသုံးသပ်မှု‌တွေရှိ‌ပေမယ့် ယခင်က စစ်‌ဘေးဒဏ်‌ကြောင့် ရပ်ရွာ အိုးအိမ် စွန့်ပစ်ခဲ့ရတဲ့ သူ‌တွေအတွက် အ‌နေဆင်းရဲ အစားဆင်းရဲနဲ့ ဒုက္ခပင်လယ်‌ဝေ‌နေဆဲပါ။
‌နော်နွဲ့‌အေးတို့မိသားစုဟာ တကယ်လို့ စစ်မ‌ပြေးခဲ့ရဘဲ ၊သူတို့ ရွာမှာ ငြိမ်းချမ်းစွာ လုပ်ကိုင်စား‌သောက် ‌နေထိုင်နိုင်ခဲ့မယ် ဆိုပါက ‌နော်နွဲ့‌အေးတစ်‌ယောက် အခုလို ခါးသီးတဲ့အ‌တွေ့အကြုံ‌တွေကို ရင်ဆိုင်ရမှာ မဟုတ်ဘဲ သူမ မက်ခဲ့တဲ့ ကျန်းမာ‌ရေးဝန်ထမ်း‌ဆေးဆရာမ ဖြစ်ဖို့ အိမ်မက်ကိုလည်း အ‌ကောင်အထည် ‌ဖော်‌နေမှာ ဖြစ်ပါတယ်။
‌သေချာတာက‌တော့ အနာဂတ်‌တွေထွန်း‌တောက်‌နေသင့်တဲ့ သက် ၁၄ နှစ်သာရှိ‌သေးတဲ့ ‌နော်နွဲ့‌အေး အတွက်က‌တော့ လက်ရှိမှာ‌ရော အနာဂတ်မှာပါ စစ်ပွဲ‌တွေက‌ပေးတဲ့ ‌နောက်ဆက်တွဲဆိုးကျိုးကို ‌ပွေ့ပိုက်ရင်း ဘဝတစ်‌လျှောက်လုံးကိုဖြတ်သန်းသွားရမှာ‌တော့ အ‌သေအချာပဲ ဖြစ်ပါ‌တော့တယ်။