Home သတင်း ကျောင်းသင်ရိုးထဲ စစ်မှုထမ်းဥပဒေထည့်သွင်းသင်ကြားမှု ပညာရေးစနစ်ကို အသုံးချပုံသွင်းခြင်းဟု ဝေဖန်ခံရ

ကျောင်းသင်ရိုးထဲ စစ်မှုထမ်းဥပဒေထည့်သွင်းသင်ကြားမှု ပညာရေးစနစ်ကို အသုံးချပုံသွင်းခြင်းဟု ဝေဖန်ခံရ

13
Photo: AFP

နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံရှိ အခြေခံပညာစာသင်ကျောင်း သင်ရိုးညွှန်းတမ်းတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထည့်သွင်းသင်ကြားခြင်းသည် လူငယ်များ စစ်မှုထမ်းရမည့် အယူအဆကို လက်ခံလာစေရန် ပညာရေးစနစ်ကို အသုံးချပြီး စိတ်ဓာတ်ရေးရာ ပုံသွင်းနေခြင်း ဖြစ်ကြောင်း ပညာရေးအသိုင်းအဝိုင်းနှင့် ကျောင်းသားမိဘများက ထောက်ပြဝေဖန်သည်။

စစ်အုပ်စု၏ ပညာရေးဒုဝန်ကြီး ဦးနေမျိုးလှိုင်က နိုဝင်ဘာ ၂ ရက်နေ့၊ လွှတ်တော်အစည်းအဝေးတွင် ပြောဆိုချက်အရ ဥပဒေအသိပညာပေးသင်ရိုးညွှန်းတမ်းပါ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှစတင်၍ Grade- 12 (ဒွါဒသမတန်း)တွင် တစ်နှစ်လျှင် စာသင်ချိန် ၂၄ ချိန် ထည့်သွင်းသင်ကြားပေးနေခြင်းဖြစ်သည်။

ထိုသို့သင်ကြားမှုသည် ဥပဒေအသိပညာပေးခြင်းထက် အသက်မပြည့်သေးသည့် လူငယ်များကို စစ်စရိုက်ရိုက်သွင်းခြင်းဖြစ်ပြီး ပညာရေးစနစ်ကို အသုံးပြုကာ စိတ်ပိုင်းဆိုင်ရာ ပုံသွင်းနေခြင်းဖြစ်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကြားကာလအခြေခံပညာကျောင်း၊ Future Youths Education မှ နွေဇာနည်က ယခုလို ပြောသည်။

“ဒါဟာ ပညာရေးမဟုတ်ပါဘူး။ လူငယ်တွေကို Brain Wash လုပ်တာဖြစ်ပါတယ်။ အသက် မပြည့်သေးတဲ့၊ အနာဂတ်ရည်မှန်းချက် မပြည့်သေးတဲ့ လူငယ်တွေကို စစ်မှုထမ်းခိုင်းတာဟာ မဖြစ်မနေ တာဝန်ဆိုပြီး လက်ခံလာအောင် ပညာရေးစနစ်ကို အသုံးချပြီး စိတ်ဓာတ်ရေးရာမှာ ပုံသွင်းတာ ဖြစ်ပါတယ်” ဟု နွေဇာနည်က ပြောသည်။

စစ်မှန်သော ဥပဒေအသိပညာပေးမှုတွင် ဥပဒေ၏ တရားဝင်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အချက်များကို ဘက်စုံသင်ကြားပေးရန် လိုအပ်သော်လည်း ဥပဒေမလိုက်နာပါက ပြစ်ဒဏ်ခံရမည်ဆိုသည့် ခြိမ်းခြောက်မှုနှင့် အမိန့်နာခံရေးကိုသာ စစ်အုပ်စု၏ဥပဒေပညာရေးက ဦးစားပေးသင်ကြားလာနိုင်ကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။

ထို့အတူ စစ်မှုထမ်းဥပဒေကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းခြင်းသည် ကျောင်းသားများ၏ သင်ယူမှုနှင့် လုံခြုံရေးခံစားချက်ကို ထိခိုက်စေသည့်အပြင် ကျောင်းများကို စစ်သားစုဆောင်းသည့် နေရာတစ်ခုသဖွယ် မြင်တွေ့လာရသဖြင့် အုပ်ထိန်းသူနှင့် လူငယ်များအကြား စိုးရိမ်ပူပန်မှုများ ပိုမိုကြီးထွားလာစေကြောင်း သိရသည်။

ဖားအံမြို့နယ်မှ ကျောင်းသားမိဘတစ်ဦးက “ထည့်ပြီး သင်ပေးပြီဆိုရင်တော့ ဒါက မဖြစ်မနေ လုပ်ရတော့မယ်။ လူငယ်တွေအကုန်လုံးဟာ စစ်မှုထမ်းရမယ်ဆိုတာ အတွေးထဲကို ရိုက်ထည့်လိုက်တဲ့ သဘောပဲ။ ကျောင်းပြီးရင်လား၊ မပြီးခင်မှာလား အဲ့လိုရှိသေးတာကိုး။ စိတ်ပူနေရပြီလေ။ အဲ့ဒီစစ်မှုထမ်းနဲ့ပတ်သက်တာက မိဘတိုင်းပဲထင်တယ်” ဟု ၎င်းက ပြောသည်။

စစ်အုပ်စုသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းခဲ့ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ အမျိုးသားများကို အပတ်စဥ် စစ်မှုထမ်းသင်တန်းတက်ရောက်ရန် စုဆောင်းလျက်ရှိသည်။

ယခုနှစ် အောက်တိုဘာလအထိ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂၇ ခု ဖွင့်လှစ်ပြီးစီးခဲ့ပြီဖြစ်ကြောင်းလည်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။