Home သတင်း ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာတွင် ဒရုန်းဗုံးကျပြီး နေအိမ် (၂) လုံးပျက်စီး

ကော့ကရိတ်မြောက်ပိုင်း မြပတိုင်ရွာတွင် ဒရုန်းဗုံးကျပြီး နေအိမ် (၂) လုံးပျက်စီး

14
Photo: CJ

နိုဝင်ဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်း၊ မြပတိုင်ကျေးရွာတွင် ယမန်နေ့၊ နိုဝင်ဘာ(၄)ရက်နေ့က စစ်အုပ်စုမှ ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်မှုကြောင့် ရွာရှိနေအိမ် (၂) လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ထီးဖိုးစံကျေးရွာအုပ်စု၊ မြပတိုင်ရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယမန်နေ့၊ နံနက်ပိုင်းက စစ်အုပ်စုသည် ဒရုန်း ၂ စင်းဖြင့် ဗုံး ၃ လုံးထက် မနည်း ကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ထိမှန် ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒရုန်းက နှစ်စင်းလာတယ်။ တစ်စင်းမှာ ဗုံးသီး ၃ လုံး နောက်တစ်စင်းက ၁ လုံး။ ကင်းထောက်ပုံစံနဲ့ အရင်လာပြီး နောက်မှ ဒရုန်းနဲ့ ပြန်လာတာ။ အိမ် ၂ လုံး ထိသွားတယ်” ဟု ၎င်းက ပြောသည်။

Photo: CJ

လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်နေသည့် ကော့ကရိတ်မြောက်ပိုင်းတွင် မြပတိုင်အပါအဝင် ကျေးရွာတချို့တို့မှာ လူနေထိုင်မှုအနည်းငယ်ရှိနေသေးသော်လည်း အများစုမှာ အသက်ဘေးလုံခြုံရေးကြောင့် စစ်ဘေးရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

ထို့အတူ မိဖာလဲ၊ မြပတိုင်နှင့် ကွီမောင်တိုင်ရွာဘက်ကို ပြီးခဲ့သည့် အောက်တိုဘာ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ ထီဖိုးစံရွာဘက်မှ စစ်အုပ်စုက တိုက်လေယာဥ်နှင့် Y12 အသုံးပြု ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း ဒေသတွင်းသတင်းများအရ သိရသည်။

ကော့ကရိတ်ဒေသခံများမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှစ၍ ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအထိ တစ်နှစ်ကျော်ကြာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ရာ ယနေ့ထက်ထိ နေအိမ်မပြန်နိုင်သေးသူ ဦးရေ ၂,၀၀၀ ကျော် ရှိနေကြောင်း ၎င်းတို့ကိုအကူအညီပေးနေသည့် အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များက စာရင်းပြုစုထားသည်။