Home သတင်း မြဝတီ၊ နဒီတံတားတွင် ကျပ်ငွေသိန်းဆယ်ချီ၍ စစ်အုပ်စု ဂိတ်ကြေးတောင်း

မြဝတီ၊ နဒီတံတားတွင် ကျပ်ငွေသိန်းဆယ်ချီ၍ စစ်အုပ်စု ဂိတ်ကြေးတောင်း

11
Photo: CJ

နိုဝင်ဘာ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ ရပ်ကွက် (၇) လမ်းပိုင်းရှိ နဒီတံတား စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး အကြောင်းပြကာ ထိုင်းကုန်စည်တင်ယာဥ်များထံမှ ကျပ်ငွေ ၅‌ သောင်းမှ ၂၀ သိန်း အထိ စစ်အုပ်စုက ဂိတ်ကြေးတောင်းနေကြောင်း ဒေသတွင်း ကုန်တင်ယာဥ်မောင်းအသိုင်းအဝိုင်းမှ သိရသည်။

အာရှလမ်းအတိုင်း ဖြတ်သန်းသွားလာခွင့်မရသည့် ထိုင်းကုန်စည်တင်ယာဥ်များထံမှ ကရင်ပြည်နယ်အခြေစိုက် တပ်မ (၂၂) လက်အောက်ခံ မြဝတီမြို့စောင့်တပ် ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တပ်ဖွဲ့ဝင်များ ပူးတွဲအထိုင်ချနေသည့် အဆိုပါဂိတ်ရှိ စစ်အုပ်စုက ဂိတ်ကြေး တောင်းယူနေသည်ဟု မြဝတီကုန်တင်ယာဥ်လုပ်ငန်း လုပ်ကိုင်သူက ပြောသည်။

“အာရှလမ်းက ကုန်ကားမပေးဆင်းတော့ ကြက်ဥတောင်၊ ထို့ကော်ကိုးလမ်းကနေ ဆင်းဖို့ နဒီတံတား ကော့ကော်ရွာဘက်လမ်းကို သွားရတယ်။ အဲဒီစစ်တပ်ဂိတ်က ကားသေးဆို ၅‌ သောင်း၊ ကားလတ်ဆို ၁၀ သိန်း၊ ၁၂ ဘီးကားကြီးဆို သိန်း ၂၀ တောင်းတယ်။ ဖားအံ၊ မော်လမြိုင်ရောက်ဖို့ သိန်း ၆၀နဲ့ ၈၀ ကြားကုန်တာ ကုန်သည်ဆီကလည်း ပြန်တောင်းလို့မရဘူး” ဟု အဆိုပါလုပ်ငန်းရှင်က ပြောသည်။

ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှာ ကုန်ပစ္စည်း အလေးချိန်ပေါ်မူတည်၍ တွက်ချက်ကာ ပို့ဆောင်ခရရှိခြင်းဖြစ်သည်။

သို့ရာတွင် ယခုလို ဂိတ်ကြေးအများအပြား ပေးနေရခြင်းအပြင် စစ်အုပ်စု၏ ကန့်သတ်ချက်အကြောင်းပြကာ ထိုင်းကုန်စည်အပါအဝင် ယာဥ်ရော လူပါ ဖမ်းဆီးသိမ်းဆည်းခံရခြင်းကြောင့် လုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့လာပြီး ရပ်ဆိုင်းရသည်အထိ ရှိလာကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

Photo: CJ

ပြီးခဲ့သည့် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းတွင်လည်း မြဝတီမြို့ပေါ်ရှိ ဂိုထောင်များနှင့် နဒီတံတားတွင် စစ်အုပ်စုက စီမံချက်ဖြင့် ထိုင်းကုန်စည်နှင့်ယာဥ်၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်များကို ခလရ ၂၇၅ တပ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဖမ်းဆီးခံထားရသူများအပါအဝင် သိမ်းဆည်းထားသည့်ပစ္စည်းများကို မည်သို့ကိုင်တွယ်နေကြောင်းကိုမူ ယနေ့ထက်ထိ မသိရသေးဟု ဖားအံ-မြဝတီ ကုန်တင်ယာဥ်မောင်းများ၏ပြောပြချက်အရ သိရသည်။

လတ်တလောတွင်လည်း နယ်စပ်မြို့ ပေါ် ရပ်ကွက်များရှိ ကုန်သည်နေအိမ်များ၊ ဂိုထောင်များ၊ ကုန်တင်ယာဥ်ထားရှိသည့်ခြံဝင်းများသို့ စစ်အုပ်စုနှင့်ကရင်လက်နက်ကိုင်အဖွဲ့ ပူးပေါင်းအင်အား (၁၀၀) ဝန်းကျင်ဖြင့် ထိုင်းကုန်စည်ဖမ်းဆီးမှု ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

သို့သော် ထိုင်းကုန်စည်ဝင်ရောက်လာသည့် ကရင်လက်နက်ကိုင်အဖွဲ့၏ တရားမဝင် ကမ်းကူးဂိတ်များကိုမူ စစ်အုပ်စုက ကင်းလွတ်ခွင့်ပေးထားသည်။

ထို့အတူ မြဝတီမြို့တွင် ထိုင်းကုန်အဖမ်းအဆီးနှင့်ဂိတ်ကြေးတောင်းမှုများကြောင့် ထိုင်းထုတ်စားသုံးဆီ တစ်လီတာလျှင် ကျပ်ငွေ ၅ ထောင်ဝန်းကျင် ရှိရာမှ ဖားအံနှင့် မော်လမြိုင်တွင် ၈ ထောင်ကျပ်မှ ၁ သောင်း ကျပ် အထိ ဈေးပေးဝယ်ယူနေရသည်ဟု ဒေသခံများကပြောသည်။