Home သတင်း CI စင်တာ ပြန်ဖျက်သိမ်းရေး အချက်(၅)ချက် ထိုင်းလွှတ်တော်အမတ် ထောက်ပြ

CI စင်တာ ပြန်ဖျက်သိမ်းရေး အချက်(၅)ချက် ထိုင်းလွှတ်တော်အမတ် ထောက်ပြ

10
Photo crd: Thai Local News

နိုဝင်ဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံထဲရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးသည့် စင်တာများ ဖျက်သိမ်းနိုင်ရေးအတွက် ထိုင်းနိုင်ငံ၏ ပြည်သူ့ပါတီ လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဒေါက်တာ အနုဆွန်တမချိုင်က အချက်(၅)ချက်ဖြင့် ထောက်ပြလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားများ CI ကြောင့် အခက်အခဲတွေ့ရှိရသည့်အခြေအနေနှင့်ပတ်သက်၍ ပြန်သုံးသပ်ရန်နှင့် ဖျက်သိမ်းရန် နိုဝင်ဘာလ(၄)ရက်နေ့က ထိုင်းလွှတ်တော် အခွန်ဘဏ္ဍာနှင့်ငွေကြေးဆိုင်ရာဥက္ကဌ ဦးဆောင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ့ပါတီလွှတ်တော်အမတ်က ထောက်ပြထားခြင်းဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် မြန်မာရွှေ့ပြောင်းလုပ်သမားများအပေါ် အခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်း၊ မြန်မာပြည်သို့ ဝင်ငွေလစာ၏ ၂၅ ရာခိုင်နှုန်း လွှဲခိုင်းသည့် နှစ်ထပ်အခွန်ကောက်ခံခြင်းနှင့် မတရားငွေလွှဲခိုင်းသည့် စနစ်များကို စုံစမ်းဖို့ရန်လည်း တောင်းဆိုထားသည်။

ထို့အပြင် ဘန်ကောက်မြို့ရှိ UN ရုံးရှေ့၌ မြန်မာအလုပ်သမားများအတွက် ဆန္ဒထုတ်ဖော်သူများကို အကြမ်းဖက်တိုက်ခိုက်သည့်ဖြစ်စဉ်အား ထိုင်းအစိုးရအနေဖြင့် ထိရောက်စွာစုံစမ်းပေးရန်နှင့် CI လုပ်ငန်းစဉ်ကြောင့် အလုပ်သမားများသာမက အလုပ်ရှင်များပါ နစ်နာမှုရှိသည့်အတွက် ပြန်စိစစ်ပေးဖို့ ထိုင်းလွှတ်တော်အမတ်က ဆိုသည်။

Photo crd: Thai Local News

UNရုံး ရှေ့တွင် သွားရောက်ဆန္ဒဖော်ထုတ်သူ Bright Future အဖွဲ့ကလည်း စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်သည့် CI လုပ်ငန်းသည် ထိုင်းလုပ်ငန်းရှင်များအပါအဝင် ထိုင်းပြည်သူအပေါ် ထိခိုက်မှုရှိလာသည်ကို လက်ရှိတွင် ထိုင်းဘက်က သဘောပေါက်လာပြီဖြစ်ကြောင်း ပြောဆိုထားသည်။

Bright Future အဖွဲ့မှ ဆူရတ်ဂျ်ဂီရီ က “CI ဖျက်သိမ်းရေးက အခုဆိုရင် ထိုင်းတွေပါ သဘောပေါက်လာတယ်။ ဘာဖြစ်လို့လဲဆိုရင် မင်းအောင်လှိုင်က မြန်မာပြည်သူတွေကိုပဲ လာပြီးဒုက္ခပေးတာမဟုတ်ဘူး ထိုင်းပြည်သူတွေကိုပါ ဒုက္ခပေးနေလို့” ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင်လည်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာလူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ စစ်အုပ်စုထံ အခွန်ဝင်သည့် CI လုပ်ငန်းစဉ်များ ဖျက်သိမ်းဖို့အတွက် လက်မှတ် ၁ သန်း ကျော် ကောက်ခံရရှိပြီးဖြစ်ကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWWRCCT) က ထုတ်ပြန်ထားခြင်းရှိသည်။