Home သတင်း တစ်ပတ်ကြာပိတ်ထားသည့် မြဝတီနယ်စပ်က သဘာဝမြစ်ကူးဂိတ်များ ပြန်ဖွင့်

တစ်ပတ်ကြာပိတ်ထားသည့် မြဝတီနယ်စပ်က သဘာဝမြစ်ကူးဂိတ်များ ပြန်ဖွင့်

12
Photo: Thai Local News

နိုဝင်ဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဖလူး-မင်းလက်ပံဒေသရှိ တိုက်ပွဲကြောင့် တစ်ပတ်ကြာပိတ်ထားသည့် သဘာဝမြစ်ကူးဂိတ်များကို ယနေ့၊ နိုဝင်ဘာ(၆)ရက်နေ့ မနက်ပိုင်းတွင် ပုံမှန်အတိုင်းပြန်ဖွင့်ပေးလိုက်ကြောင်း နယ်စပ်က စစ်ဘေးရှောင် သတင်းအရင်းအမြစ်မှ သိရသည်။

စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့တို့ နယ်စပ်တွင် တိုက်ပွဲပြန်လည်ပြင်းထန်လာြခင်းနှင့် လက်နက်ကျည်များ ထိုင်းဘက်ကျော်၍ ကျရောက်ပေါက်ကွဲမှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များသည် မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မော်လီချိုင်း စသည့် မြစ်ကူးဂိတ်များကို အောက်တိုဘာ(၃၀)ရက်မှ နိုဝင်ဘာ(၅)ရက်နေ့အထိ ပိတ်ထားခြင်းဖြစ်သည်။

ယနေ့၊ မနက်ပိုင်းတွင် ထိုဂိတ်များမှ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာခွင့်ပေးလိုက်ပြီဖြစ်သဖြင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်းရေး အတွက် အဆင်ပြေသွားကြောင်း နယ်စပ်စစ်ဘေးရှောင်စခန်း၏ တာဝန်ရှိသူက ပြောသည်။

“ဒီမနက်တော့ အတည်ဖြစ်ပြီ ပြန်ဖွင့်ပေးလိုက်ပြီ။ နယ်စပ်မှာကျောင်းသွားတက်တဲ့ကလေးတွေရော အလုပ်သွားလုပ်တဲ့သူတွေအတွက်ရော အဆင်ပြေသွားတာပေါ့။ တခုခုဆိုရင် ဒီလမ်းကြောင်းတွေကိုပဲ လူတွေက အားကိုးနေရတာလေ” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

Photo: Thai Local News

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ရာမတီး(မြဝတီ)မြို့နယ်၊ မြို့တောင်ဘက်ပိုင်းတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များအကြား ပြီးခဲ့သည့်နှစ်မှစကာ တိုက်ပွဲပဋိပက္ခ ပြင်းထန်ခဲ့သည်။

တိုက်ပွဲအတွင်းမှလက်နက် ထိုင်းဘက်ကျရောက်မှု မကြာခဏဖြစ်ပေါ်ခဲ့ရာမှ မြန်မာအပါအဝင် ထိုင်းလူမျိုး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရသူရှိလာသလို စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် လူနေအိမ်(၉)လုံး ထက်မနည်းပျက်စီးခဲ့ကြောင်းလည်း နယ်စပ်သတင်းများအရ သိရသည်။

အလားတူ ပြီးခဲ့သည့်ဇူလိုင်လကလည်း ဖလူး-မင်းလက်ပံတိုက်ပွဲအရှိန်ကြောင့် လုံခြုံရေးအရ မယ့်ကိုကင်းမှ သောင်ရင်းမြစ်တဖက်ကမ်းကူးသည့် လှေဂိတ်ကို ထိုင်းအာဏာပိုင်များက ယာယီပိတ်လိုက်ခြင်း ရှိခဲ့သေးသည်။