နိုဝင်ဘာ ၈ရက် (ထိုင်းစံတော်ချိန် မွန်းလွဲ ၃း၃ဝနာရီ)။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ဖြစ်ပွားနေသည့် ဒီကေဘီအေ တပ်ဖွဲ့ဝင်နှင့် နအဖ စစ်တပ်တို့၏တိုက်ပွဲသည် ယနေ့ မြန်မာစံတော်ချိန်မွန်းလွဲ ၂နာရီခွဲအချိန်ထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။
ရွှေနဂါးတောင် အခြေစိုက်စခန်းနှင့် ရပ်ကွက်(၃)တပ်ကုန်းမှ နအဖတပ်ဖွဲ့ဝင်များသည် ဒီကေဘီအေတပ်ဖွဲ့များ အခြေစိုက်ရာ မဲ့က သာဘက်သို့ ၁၂ဝစိန်ပြောင်း အမျိုးအစား လက်နက်ကြီးများဖြင့် မနက် ၉နာရီမှစ၍ မွန်းလွဲ ၂နာရီခွဲအထိ ပစ်လိုက်၊ ရပ်လိုက်ဖြင့် အလုံးပေါင်း ၃၀ကျော်ပစ်ခဲ့ပြီဟု ဒီကေဘီအေ ကလို့ထူးဘောဗျူဟာ အထူးတပ်ခွဲမှူး ဗိုလ်ကြီးစောအေဝမ်းက ပြောသည်။
၎င်းက “နအဖကတော့ အခုထိ ပစ်နေတုန်းပဲ။ သူတို့ပစ်တာ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ တခြားစီပဲ ပြည်သူတွေပဲ သွားထိတာ။ အခု ငါးခြောက်ယောက်လောက် ထိပြီ။ သေဆုံးတာကို တော့ ကျနော်တို့မသိရသေးဘူး။”ဟု ပြောသည်။
ဒီကေဘီအေဘက်ကတော့ M 79 လက်နက်များဖြင့်သာ တချက်တလေ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထိုပစ်ခတ်မှုများ ကြောင့် မြို့ခံလူထု ထောင်နှင့်ချီ၍ ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်တွင် သောင်တင်နေသလို ရပ်ကွက် (၃)ရှိ ဓမ္မဟေဝဏ်ဘုန်းကြီး ကျောင်းတွင် သွားရောက်ခိုအောင်းနေကြသည်ဟု ဓမ္မဟေဝန်မှ ဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။
မြို့ခံတဦးက “လူတွေ ပြေးကုန်ပြီ။ မြို့ထဲမှာ ဘယ်သူမှ မရှိကြတော့ဘူး။ ကျနော်တို့ကတော့ ရာဘာခြံမှာ ပုန်းနေရကြတယ်။”ဟု ပြောသည်။
နောက်ဆုံးရသည့်သတင်းအရ ယင်းကဲ့သို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် အရပ်သား ၅ဦး၊ သံဃာတော် ၃ပါး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး အသေအပျောက်မှာမူ အတိအကျ မသိရကြောင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံနယ်စပ်တွင် သီတင်းသုံးနေသော သံဃာတော်တပါးက မိန့်ကြားပြောဆိုခဲ့သည်။