ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၉ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင့်တော်လှန်ရေးစတင်သည့် အချိန်မှစကာ နှစ်ပေါင်းရှည်ကြာ တိုက်ပွဲဝင်သည့် ကရင့်တော်လှန်ရေး ပုဂ္ဂိုလ် ၁၀၀၀ကျော်အား ယခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် ကျရောက်မည့် နှစ် ၇ဝပြည့် ကရင်တော်လှန်ရေးနေ့ အခမ်းအနားတွင် KNU ကရင်အမျိုး သားအစည်းအရုံးက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သွားမည်ဟု သိရသည်။
အဆိုပါဂုဏ်ပြုခံရမည့် စာရင်းထဲတွင် အဆင့် ၄ဆင့် သတ်မှတ်ထားပြီး တော်လှန်ရေး စတင်ချိန်မှစ၍ ယခုအချိန်ထိ အနှစ် ၇၀၊ အနှစ် ၅၀၊ အနှစ် ၄ဝနှင့် ၂၅နှစ်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ပြီး သက်ရှိထင်ရှားရှိနေဆဲရဲဘော်များကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကေအဲန်ယူ၏ ဂုဏ်ပြုချီးမြှင့်ရေးကော်မတီ ဥက္ကဌ ပဒိုစောသမိန်ထွန်းက ပြောသည်။
ပဒိုစောသမိန်ထွန်းက “ကျနော်တို့ လက်နက်ကိုင်တော်လှန်ခဲ့တာ ၆၃နှစ် ၂၀၁၂အထိဟာ ကျနော်တို့ လက်နက်ကိုင်တော်လှန်ခဲ့ တယ်။ ဒီဘက်အပိုင်းမှာကျတော့ နိုင်ငံရေးတိုက်ပွဲဆင်နွဲတယ်။ လက်နက်ကိုင်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ တော် လှန်ရေးလုပ်ငန်းတွေပဲ။ နှစ် ၇ဝဆိုတော့ ကျနော်တို့ဟာ တော်တော်ကို သက်တမ်းရင့်လာတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ကျဆုံး သွားတဲ့ ကျနော်တို့ရဲဘော်တွေ အများကြီးပဲ။ ကျန်နေတဲ့သူတွေကလည်း ဇွဲကြီးစွာနဲ့ အမျိုးသားတာဝန်ကို ထမ်းဆောင်ခဲ့တယ်။ ဒါကြောင့်မို့ ကျန်နေတဲ့သူတွေကို ကျနော်တို့က ဂုဏ်ပြုသွားဖို့ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဂုဏ်ပြုချီးမြင့်ရန် ရရှိထားသည့် စာရင်းထဲတွင် နှစ် ၇ဝပြည့်သူ ၆ဦး၊ နှစ် ၅ဝစာရင်းဝင်သူ ၅ဝဦး၊ နှစ် ၄ဝ စာရင်းဝင် ၂၀ဝဦးနှင့် ၂၅နှစ်စာရင်းဝင်ပြီး ယခုအချိန်ထိ ဆက်လက်လုပ်ဆောင်နေသည့် တော်လှန်ရေးသမား ၉၀ဝဦးရှိသည်ဟု ဂုဏ်ပြုဆုချီးမြှင့်ရေးကော်မတီထံမှ သိရသည်။
ထို့အပြင် ယခုနှစ် ကျင်းပသည့် နှစ် ၇ဝပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် ကရင့်တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့ သည့် သက်တမ်းရင့် ပုဂ္ဂိုလ်များသာမက လူမှုရေး အပါအဝင် အများအတွက် ဆောင်ရွက်ပြီး ဂုဏ်ပြုသင့် ဂုဏ်ပြုထိုက်သည့် ပုဂ္ဂိုလ်အချို့ကိုပါ ထည့်သွင်း ဂုဏ်ပြုသွားမည်ကြောင်း အဆိုပါကော်မတီက ပြောသည်။
KNU ထိန်းချုပ်နယ်မြေအသီးသီးတွင် ဂုဏ်ပြုချီးမြှင့်ခံရမည့် တော်လှန်ရေးသမား များစွာရှိသည့်အတွက် ယခုနှစ် KNU ထိန်းချုပ် နယ်မြေ၊ တပ်မဟာ ၇ဌာနချုပ်၊ ကလို့ယော်လေးနေရာတွင် ကျင်းပမည့် နှစ် ၇ဝပြည့် ကရင့်တော်လှန်ရေးအခမ်းအနား၌ ချီးမြှင့် ဂုဏ်ပြုသွားမည်ဖြစ်သကဲ့သို့ ကျန်ရှိသည့် အချို့ရဲဘော်များအတွက် ဂုဏ်ပြုဆုတံဆိပ်များကို သက်ဆိုင်ရာ တပ်မဟာ ခရိုင် အသီးသီးသို့ ပေးပို့ ချီးမြှင့်သွားမည်ဟု တာဝန်ရှိသူများက ဖြည့်စွက် ပြောဆိုသည်။
၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃ဝရက်နေ့တွင် ဖဆပလ အစိုးရမှ KNU နှင့် KNDO တို့အား မတရားအသင်း ကြေညာခဲ့ပြီးနောက် ဇန် နဝါရီလ ၃၁ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်နှင့် သမိုင်းတွင် တည်ရှိသည့် KNDO ဗဟိုဌာနချုပ်စခန်းများကို အစိုးရတပ်က ဝင် ရောက်တိုက်ခိုက်ခဲ့ခြင်းကို ပြန်လည်ခုခံရင်း ကရင့်တော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ကြောင်း ဖူးစကောလယ်တော ရေးသား သည့် ကရင့်တော်လှန်ရေးသမိုင်းစာအုပ်ထဲတွင် ဖော်ပြထားသည်။
KNU-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ကရင်အမျိုးသားတပ်ဖွဲ့ဝင်များ အစိုးရတပ်၏ တိုက်ခိုက်မှုကို ပြန်လည်ခုခံခဲ့သည့် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်နေ့ကို ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကာ ၎င်းတို့၏ထိန်းချုပ်နယ်မြေများတွင် နှစ်စဉ် မပျက်မကွက် ကျင်းပလာခဲ့ကြသည်။