ဩဂုတ်လ ၂၇ရက်။ စောသိန်းမြင့်(ကေအိုင်စီ)
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးကျေးရွာ အခြေစိုက် ဗိုလ်ချုပ်ထင်မောင်ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင် စီ (KPC)အဖွဲ့သည် တပတ်အတွင်း နယ်ခြားစောင့်တပ်အဖြစ် လက်မခံပါက မတရားအသင်းအဖြစ် ကြေညာမည်ဟု နအဖက သတိပေးလိုက်ကြောင်း KPC က ပြောသည်။
နအဖ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်(စရဖ) ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဗိုလ်မှူးချုပ်သက်နိုင် ဝင်းနှင့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကိုယ်စားလှယ်တချို့သည် ဩဂုတ်လ ၂၄ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တိုင်းရုံးတွင် တွေ့ဆုံခဲ့ရာ၌ နအဖဘက်က ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း KPC မှ နိုင်ငံခြားရေးရာ တာဝန်ခံ ဗိုလ်မှူးချုပ်ဒေါက် တာစောတီမသေက ပြောသည်။
၎င်းက “ဒီလ ၂၄ရက်နေ့မှာ မော်လမြိုင်မှာတွေ့ဖို့ နအဖက အဖူး(ဗိုလ်ထင်မောင်)ကို ဆင့်ခေါ်တယ်။ ဒါပေမယ့် အဖူးမသွား ဘူး။ တပ်ရင်းမှူးတချို့ကိုပဲ လွှတ်လိုက်တယ်။ အဲဒီမှာ ရဲမြင့်နဲ့ သက်နိုင်ဝင်းက ပြောတယ်။ ခင်ဗျားတို့အဖြေပေးရမယ်။ ဒီအ တိုင်း ဆက်နေလို့မရတော့ဘူး။ တပတ် ဒါမှမဟုတ် (၁၀)ရက်အတွင်းမှာ လက်မခံလို့ရှိရင် ခင်ဗျားတို့အဖွဲ့ တရားမဝင်တဲ့အဖွဲ့ ဖြစ်သွားပြီတဲ့။ နောက် ခင်ဗျားတို့နေရာကိုလည်း လာဝိုင်းမယ်လို့ ခြိမ်းခြောက်တယ်။”ဟု ပြောသည်။
ထိုအခြေအနေပေါ်တွင် ဗိုလ်ချုပ်ထင်မောင်၏ သဘောထားမှာ နအဖ စစ်အစိုးရ၏နယ်ခြားစောင့်ကို လုံးဝ လက်မခံကြောင်း နှင့် နအဖဘက်က စစ်ရေးအရ ဖိအားပေးလာမည်ဆိုပါက မိမိတို့အနေဖြင့်လည်း စစ်ရေးအရ ပြန်လည်ခုခံ တိုက်ခိုက်ရမည်ဖြစ် ကြောင်း ဗိုလ်မှူးချုပ် ဒေါက်တာစောတီမသေက ထပ်လောင်း ပြောဆိုသည်။
ဗိုလ်ချုပ်ထင်မောင် ဦးစီးသည့် ကရင်ငြိမ်းချမ်းရေးကောင်စီသည် ယမန်နှစ် အောက်တိုဘာလ ၂ဝရက်နေ့က စစ်အစိုးရ၏ နယ် ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို ငြင်းဆန်ခဲ့သလို ဧပြီလ ၇ရက်နေ့က မော်လမြိုင်၊ တောင်ဝိုင်းရှိ အရှေ့တောင် တိုင်း စစ်ဌာချုပ်ရုံးတွင် အစည်းအဝေးခေါ်ကာ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့ခြင်းကိုလည်း ထပ်မံ ငြင်းဆန်ခဲ့ သည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ရက်နေ့တွင် နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်မှူးကြီးရဲမြင့်ထံ ပေးပို့သည့် ငြိမ်းချမ်းရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ငြိမ်းချမ်းရေးကောင်စီသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုသာ လိုလားပြီး လက်နက်ကိုင်တိုက်ပွဲကို မဖန်တီးလိုတော့ကြောင်း ပြန်လည်တုန့်ပြန်ခဲ့သည်။
ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “နအဖက အပစ်ရပ်လုပ်ခိုင်းတာ လက်နက်ချခိုင်းတာပဲ။ BGF ဆိုတာ စစ် ရေးအရ တော်လှန်ရေးအဖွဲ့ကို ပြန်တိုက်ခိုင်းတာ။ ဒါ ငြိမ်းချမ်းရေးလမ်းစဉ် မဟုတ်။ လူထုက ငြိမ်းချမ်းရေးအစစ်ကို လိုလား တာ။ ဒါပေမဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရေးကို ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဗိုလ်ထင်မောင်တို့အဖွဲ့ အမြင် မှန်ရလာပြီ ယူဆရမှာပေါ့။”ဟု ၎င်း၏အမြင်ကို ပြောဆိုသည်။
အလားတူ မွန်ပြည်သစ်ပါတီ (NMSP) သည်လည်း ပြီးခဲ့သည့် ဩဂုတ်လ ၂၃ရက်နေ့က မော်လမြိုင်မြို့ တိုင်းရုံး၌ ဗိုလ်ချုပ် သက်နိုင်ဝင်းနှင့် သွားရောက်တွေ့ဆုံရာတွင် နယ်ခြားစောင့် (သို့မဟုတ်) ပြည်သူ့စစ်လုပ်ရန် လာမည့် စက်တင်ဘာလ ၁ရက် နေ့တွင် အဖြေမပေးပါက အပစ်အခတ် မရပ်စဲခင်ကာလ ၁၉၉၅ခုနှစ် အခြေအနေကို ပြန်ရောက်သွားနိုင်ကြောင်း တိုင်းမှူးက ဖိအားပေး ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု မွန်ပြည်သစ်ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က ကေအိုင်စီကို ပြောသည်။
၁၉၈၉ခုနှစ်မှစ၍ နအဖ စစ်အစိုးရနှင့် ပစ်ခတ်ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ဖွဲ့ရှိပြီး အပစ်ရပ်တပ်ဖွဲ့များ ကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ခုနှစ် ဧပြီလကတည်းက စတင် ဖိအားပေးခဲ့သည်။
ယခုအချိန်ထိ ကချင်ပြည် ဒီမိုကရေစီအသစ် တပ်မတော် (NDA-K)၊ ကယားပြည်နယ် အထူးဒေသ-၂ (ကလလတ)၊ ကိုးကန့် အထူးဒေသ(၁)၊ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(ဒီကေဘီအေ)၊ ဟောင်သရောအထူးဒေသ ကရင် ငြိမ်းချမ်းရေးတပ်ဖွဲ့ (KPF)တို့သာ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ကြပြီး ကျန်အဖွဲ့များက ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်သည်။
KPC သည် ၂၀၀၇ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ကရင်အမျိုးသားနေ့တွင် ကေအဲန်ယူမှ ခွဲထွက်၍ ကေအဲန်ယူ-ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအမည်ဖြင့် နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည့် ကရင်ပြည်နယ်မှ နောက်ဆုံး ကရင် အပစ်ရပ်အဖွဲ့တဖွဲ့ ဖြစ်သည်။