ဩဂုတ်လ ၂၆ရက်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီကားလမ်းပေါ်ရှိ နအဖ တောင်ပြတ်စခန်းတွင် ကင်းစောင့်သည့် တပ်သားနှစ်ဦးသည် ယနေ့မနက်ပိုင်းတွင် ဆွဲမိုင်းထိကာ ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
အဆိုပါ တပ်စခန်းတွင် မနက် ၈နာရီဝန်းကျင်၌ စစ်သားများမှာ ကင်းစောင့်ရန် စခန်းမှ ဆင်းလာနေကျဖြစ်ပြီး ထိုအချိန်နှင့် ကိုက်ညီစွာ ဆွဲမိုင်းထောင်ထားခြင်းဖြစ်ကြောင်း ကော့ကရိတ်မှ ခရီးသည်တစ်ဦးက ယခုလို ပြောသည်။
၎င်းက “မနက်က ကြောင်လျှာကုန်းမရောက်ခင် ကားလမ်းညာဖက်က တောင်ပြတ်စခန်းမှာ ဆွဲမိုင်းထိတာလေ။ ရဲဘော်တွေက တော့ မနက် ၈နာရီလောက်ဆို ကင်းစောင့်ဖို့ ဆင်းလာနေကျလေ။ အဲဒါ ဒီမနက်ကျတော့ ဆွဲမို်င်းထိပြီး အခု ကော့ကရိတ် ဆေးရုံကို ပို့ထားရတယ်။”ဟု ဆိုသည်။
ယင်းတိုက်ခိုက်မှုတွင် အခြားပစ်ခတ်မှုများ မရှိဘဲ ဆွဲမိုင်းတခုသာဖြစ်သည်ဟု သိရသည်။
ထိုဒေသသည် ကေအဲန်ယူ တပ်မဟာ(၆)၏ တပ်မဟာစစ်ကြောင်းနှင့် တပ်ရင်း(၁၈) လှုပ်ရှားရာ နယ်မြေဖြစ်ပြီး ယခုလို တိုက် ခိုက်မှုမှာ နအဖတပ်အပေါ် ကေအဲန်ယူ၏ ပြောက်ကျားစစ်ဆင်မှုဖြစ်နိုင်ကြောင်း ဒေသခံများက ခန့်မှန်းပြောဆိုနေကြသည်။


















