Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်း ရပ်ဆိုင်းရန် ‌ကေအဲန်ယူ ဆုံးဖြတ်

မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်း ရပ်ဆိုင်းရန် ‌ကေအဲန်ယူ ဆုံးဖြတ်

2412

ဧပြီ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ မင်းလွင်‌တောင်အနီး ဖြူမင်းထွန်းကုမ္ပဏီမှ တည်‌ဆောက်မည့် ဘိလပ်‌မြေ စက်ရုံစီမံကိန်း၏ ဖြစ်နိုင်‌ခြေဆန်းစစ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်‌ကြောင်း ဧပြီ ၂၂ရက်‌နေ့၌ ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) စီးပွား‌ရေး‌ကော်မတီဗဟို ဥက္ကဌ ‌စောတာဒိုမူးက ယင်းကုမ္ပဏီထံသို့ အသိ‌ပေးစာ ‌ပေးပို့ခဲ့သည်။

ဘိလပ်‌မြေစက်ရုံ ဖြစ်နိုင်‌ခြေဆန်းစစ်မှုကို ခွင့်ပြုခဲ့‌သော်လည်း ကုမ္ပဏီသည် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂ရက်‌နေ့က ‌ကေအဲန်ယူအား အ‌ကြောင်းကြားပြီး‌နောက် ပြန်လည်ဆက်သွယ်ရန် ပျက်ကွက်ခြင်း၊ လုပ်ငန်းလုပ်‌ဆောင်ရန် ‌ဒေသခံ သ‌ဘောတူညီမှု မရှိခြင်း၊ ‌ကေအဲန်ယူထံ ခွင့်ပြုချက်ရယူပြီး မဟုတ်မမှန်‌သော အ‌ကြောင်းအရာများ ‌ပြောကြားခြင်းနှင့် ‌ဒေသခံများ အထွက်အမြတ်ထားရာ‌တောင်ဖြစ်ခြင်းတို့‌ကြောင့် ရပ်ဆိုင်းရန် ဆုံးဖြတ်ခြင်း ဖြစ်သည်ဟု အသိ‌ပေးစာတွင် ‌ဖော်ပြထားသည်။

‌ကေအဲန်ယူ စီးပွား‌ရေး‌ကော်မတီဗဟို ဥက္ကဌ ‌စောတာဒိုမူး၏ လက်မှတ်ဖြင့် ‌ပေးပို့သည့် ၎င်းစာထဲတွင် “မင်းလွင် ‌တောင်အနီး ဘိလပ်‌မြေစက်ရုံသစ်တည်‌ဆောက်မှု (‌နောင်တွင် “စီမံကိန်း”ဟု ‌ခေါ်ဆိုရန်) အဆိုပြုမှုအ‌ပေါ် ဖြစ်နိုင်‌ခြေဆန်းစစ်မှုအား (ဖြူ)ပြည်မင်းထွန်းကုမ္ပဏီမှ ပြုလုပ်ရန် ယခင်က ခွင့်ပြုချက်‌ပေးထားမှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့‌ကြောင်း အသိ‌ပေးခြင်း ဖြစ်ပါသည်”ဟု ‌ဖော်ပြပါရှိသည်။

မင်းလွင်‌တောင်‌ခြေတွင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်အ‌ပေါ် လူမှု‌ရေး‌ဆောင်ရွက်‌နေသည့် ပုဂ္ဂိုလ်များ ပူး‌ပေါင်း၍ မင်းလွင်၊ ပိန္နဲ‌တော၊ အလယ်ရွာ၊ အင်းရွာ၊ ထီးဖိုးသစ်၊ ဝမ်းဘဲအင်း၊ ပန်းသာရွာ၊ ပအိုဝ်းစု၊ ‌မောကလိုး၊ ပုရိတ်ခို၊ ကုလားစု၊ အင်‌တော၊ စီဆုံနှင့် မတ်ချ စသည့် ‌ကျေးရွာများသို့ ဧပြီ ၉ မှ ၁ဝ ရက်‌နေ့အထိ စစ်တမ်း ‌ကောက်ယူမှုပြုလုပ်ပြီး‌နောက် “မင်းလွင်‌ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး‌ကော်မတီ” တစ်ရပ်ဖွဲ့စည်းပြီး အစီရင်ခံစာတစ်‌စောင်‌ရေးကာ ‌ကေအဲန်ယူထံ ‌ပေးပို့ခဲ့သည်။

‌ကော်မတီမှ ‌ရေးသားပြုစုုခဲ့သည့် ၎င်းအစီရင်ခံစာကို ဧပြီ ၂၁ ရက်‌နေ့တွင် ‌ကေအဲန်ယူထံသို့ ‌ပေးပို့ကာ ‌ကေအဲန်ယူအ‌နေဖြင့် ဧပြီ ၂၂ ရက်‌နေ့တွင် စီမံကိန်း ဆက်မလုပ်ရန် ဆုံးဖြတ်‌ကြောင်း ကုမ္ပဏီကို ပြန်လည်အသိ‌ပေးစာ ‌ပေးပို့ခဲ့ခြင်းဖြစ်သည်။

မင်းလွင်‌ဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌စောင့်‌ရှောက်‌ရေး ‌ကော်မတီမှ အဖွဲ့ဝင်ဖြစ်သူ ‌နော်အယ်‌ဖောဝါးက “‌ကေအဲန်ယူက ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့အ‌ပေါ် ကျမတို့‌ကော်မတီအ‌နေနဲ့ အရမ်းဝမ်းသာတယ်။ တကယ်ဆို ဒီစီမံကိန်း ဆက်မလုပ်ဖို့ ပြီးခဲ့တဲ့ မတ်လ ၁၄ရက်‌နေ့က ‌မော်လမြိုင်မှာလုပ်တဲ့ ‌တွေ့ဆုံပွဲမှာ ‌ဒေသခံရဲ့ သ‌ဘော ထားကို ‌ကေအဲန်ယူ သိထားပြီဖြစ်ပါတယ်။ ဒါ‌ကြောင့် ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ မြင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေသခံများအ‌နေဖြင့်လည်း ‌ကေအဲန်ယူ ဆုံးဖြတ်ချက်စာအ‌ပေါ် ဝမ်း‌မြောက်ဝမ်းသာကြ‌ကြောင်း၊ သို့‌သော် ကုမ္ပဏီသည် လက်ရှိ မင်းလွင်‌တောင်‌ခြေတွင် ‌ကျောက်စမ်းသပ်စက်နှင့် ‌ကျောက်ထု‌နေမှုများ ဆက်လက်ရှိ ‌နေ‌သေးသည့်အတွက် ‌ဒေသခံများ စိုးရိမ်း‌နေကြ‌ကြောင်းနှင့် ဧပြီ ၂၉ ရက်‌နေ့၊ မင်းလွင်‌တောင်‌ခြေတွင် ဆု‌တောင်းပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်‌ကြောင်း သူမက ဆက်‌ပြောသည်။

မင်းလွင်‌တောင် ဓာတ်သတ္တုစမ်းသပ်တိုင်းတာကာလအဖြစ် ၂၀၁၅ ခုနှစ်၊ ဧပြီ ၂၂ ရက်‌နေ့မှစ၍ ၂၀၁၆ ဧပြီ ၂၁ ရက်‌နေ့တွင် သတ်မှတ်ရက် ကုန်ဆုံးသွားပြီလည်း ဖြစ်သည်။ ဖြစ်‌မြောက်နိုင်စွမ်း ‌လေ့လာရန် ကာလအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ ၂၀၁၇ ခုနှစ် ဧပြီ ၂၂ ရက်‌နေ့အထိ ဆက်လုပ်သွားရန် ရှိ‌သော်လည်း ‌ဒေသခံများက မတ် ၁၄ရက်‌နေ့ ‌မော်လမြိုင်၌ ပြုလုပ်သည့် ‌ဆွေး‌နွေးပွဲတစ်ခုတွင် ကန့်ကွက်ထားပြီးလည်း ဖြစ်သည်။