ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကရင်လူထုအခြေပြုအဖွဲ့အစည်း(KCBO)များက ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများ ပိုမို အားကောင်းလာရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၇ရက်(ယမန်နေ့)က ထိုင်း-မြန်မာနယ်စပ်တွင် တစ်ရက်တာ အစည်းအဝေး ပြု လုပ်ခဲ့ပြီး ရည်ရွယ်ချက်(၄)ချက် ချမှတ်ခဲ့ကြသည်။
၎င်းဆုံးဖြတ်ချက်များထဲတွင် KCBO အဖွဲ့များအကြား ပူးပေါင်းဆက်သွယ်မှု အားကောင်းစေရန်၊ အရေးပေါ်ကိစ္စများကို ကူညီလုပ် ဆောင်သွားရန်၊ ကရင်လူထုကိစ္စရပ်များကို ကိုယ်စားပြု ထုတ်ဖေါ်ပြောဆိုသွားရန်နှင့် နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပံ့ပိုး လုပ်ဆောင်သွားရန် စသည့်အချက်လေးချက်ကို ဆွေးနွေးဆုံးဖြတ်ကြခြင်းဖြစ်သည်ဟု အစည်းအဝေး တက်ရောက်သူ ကရင်လူ ငယ်အစည်းအရုံး(KYO) အတွင်းရေးမှူး စောအယ်ထူးစိုးက ပြောသည်။
စောအယ်ထူးစိုးက “ကျနော်တို့ KCBO အဖွဲ့တွေ ရှေ့ဆက်အလုပ်ကြတဲ့အခါ ပိုအားကောင်းလာဖို့နဲ့ မျှော်မှန်းထားတဲ့ ပန်းတိုင်ဆီ ကို ရှင်းရှင်းလင်းလင်းမြင်ပြီး ဘယ်လိုလုပ်သွားမလဲဆိုတာ အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးဆုံးဖြတ်ချက် အတိုင်း အတတ်နိုင်ဆုံး ကျနော်တို့ လုပ်သွားမှာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကိုယ်စားလှယ် ၃ဝခန့် တက်ရောက်သည့် ၎င်းအစည်းအဝေးတွင် ကရင်ဒုက္ခသည်ကော်မတီ(KRC), ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG), မြန်မာ့ရေးရာ(BI), ကရင်လူငယ်အစည်းအရုံး(KYO), ကရင်အမျိုးသမီးအစည်းအရုံး(KWO), နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT), ကရင်တက္ကသိုလ်ကျောင်းသားများအဖွဲ့(KUSG) အပါအဝင် နယ်စပ်ဒေသရှိ ကရင်လူ ထုအခြေပြုအဖွဲ့ (၁၄)ဖွဲ့တို့ ဆွေးနွေးခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး(KNU) ထိပ်ပိုင်းခေါင်းဆောင်အချို့လည်း တက် ရောက်ခဲ့ကြသည်။
ထိုအစည်းအဝေးတွင် KCBO အဖွဲ့များက ရှေ့ဆက် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် နှစ်လတစ်ကြိမ် ပုံမှန် တွေ့ဆုံ သွားမည်ဖြစ်ပြီး မပြီးပြတ်သေးသည့် ဒုက္ခသည်စစ်တမ်းကောက်ယူရေးကိုလည်း ဆက်လက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့ကြ သည်။
၎င်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် KNU ဒုက္ကဌ ပဒိုနော်စီဖိုးရာစိန်က “အစည်းအဝေးမှာ KCBO တွေ သူတို့ လုပ်ဆောင် ခဲ့တဲ့အလုပ်တွေ ပြန်လည်သုံးသပ်တယ်။ နောက်ပြီး သူတို့လုပ်ရမယ့် လုပ်ငန်းစဉ်တွေ စနစ်တကျဖြစ်အောင် ပြန်လည်ချမှတ် တာတွေ တွေ့ရတယ်။ ဒါတွေဟာ အင်မတန်ကောင်းပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ကေအဲန်ယူအနေဖြင့် KCBO ၏ လုပ်ဆောင်ချက်များကို ဆက်လက် ဝိုင်းဝန်းအကြံပြုသွားမည်ဖြစ်ပြီး KCBO များဘက်မှလည်း ၎င်းတို့ပိုမိုအားကောင်းလာရန်အတွက် တတ်နိုင်သမျှ လူမှုရေး၊ အမျိုးသားရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပြင် နိုင်ငံတကာ ရှိ ကရင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်အလုပ်လုပ်သွားရန် တိုက်တွန်းလိုသည်ဟု ပဒိုနော်စီဖိုးရာစိန်က ဖြည့်စွက်ပြောဆိုသည်။
၂၀၀၉ခုနှစ်၊ ဇူလိုင်လက ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ထိုးစစ်ကြီးကြောင့် ဒုက္ခရောက်ခဲ့ကြသည့် စစ်ပြေးဒုက္ခသည်များအား အရေးပေါ်ကူညီရန်အတွက် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်လူထုအခြေပြုအဖွဲ့များက အရေးပေါ်ကော်မ တီ ဖွဲ့စည်းခဲ့ရာမှ ပူးပေါင်းလုပ်ဆောင်မှုများ စတင်လာခဲ့ခြင်းဖြစ်သည်။



















