Home သတင်း KNPP အတွင်းရေးမှူးရာထူးနေရာများ အပြောင်းအလဲပြုလုပ်

KNPP အတွင်းရေးမှူးရာထူးနေရာများ အပြောင်းအလဲပြုလုပ်

13
Photo: KNPP

စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အတွင်းရေးမှူးအဖွဲ့ရာထူးနေရာများနှင့် လစ်လပ်နေသည့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)တွင် KNPP ၏ ကိုယ်စားပြုနေရာများကို ပြန်လည်ရွေးချယ်ခန့်အပ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၅ ရက်) တွင် KNPP က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် (၁၅) ကြိမ်မြောက် ပါတီကွန်ကရက်သက်တမ်း ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေး၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆိုပါ ရာထူးတာဝန်အပြောင်းအလဲများကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ လစ်လပ်နေသည့် ပါတီအထွေထွေအတွင်းရေးမှူး ရာထူးတွင် လက်ရှိ အတွင်းရေးမှူး (၁)အဖြစ်တာဝန်ယူထားသည့် ရဲဘော်ပလူးရယ်အား ခန့်အပ်ခဲ့ပြီး အတွင်းရေးမှူး (၁) နေရာတွင် လက်ရှိ အတွင်းရေးမှူး (၂) ရဲဘော်နဲနယ်ပလိုးအား ပြောင်းလဲ တာဝန်ပေးအပ်ခဲ့သည်ဟု သိရသည်။

အတွင်းရေးမှူး (၂) ရာထူးအတွက်ကိုလည်း ပါတီ၏ အမြဲတမ်းဗဟိုကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များက လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ရာ မဲအများဆုံးရရှိသူ ရဲဘော်သဲမာအား ပြောင်းလဲခန့်ထားခဲ့ကြောင်း KNPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo: KNPP

ထို့အတူ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တွင် KNPP ကိုယ်စားပြု လစ်လပ်နေသည့် တာဝန်နေရာအတွက် ပါတီဒုတိယဥက္ကဋ္ဌ ရဲဘော်ခူးထဲဘူးအား ရွေးချယ်စေလွှတ်ခဲ့သည်ဟု KNPP က ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃၀)ရက်နေ့က KNPP ၏ အထွေထွေအတွင်းရေးမှူးနှင့် KSCC ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်ဆန်းမြင့် ကွယ်လွန်ပြီးနောက် လစ်လပ်နေသည့် ခေါင်းဆောင်ပိုင်းဆိုင်ရာ တာဝန်နေရာများအတွက် ယခုလို ပြန်လည်ရွေးချယ်ခန့်အပ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၁၉၅၇ မှ စတင်တည်ထောင်ခဲ့သော KNPP သည် ကရင်နီ (ကယား) ပြည်နယ်၏ သက်တမ်းအရင့်ဆုံးနှင့် အင်အားအတောင့်တင်းဆုံး တိုင်းရင်းသား လက်နက်ကိုင် နိုင်ငံရေး အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး စတင်တည်ထောင်ချိန်ကတည်းက ယနေ့အထိ အမျိုးသားရေး၊ ဖက်ဒရယ်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လုပ်ဆောင်လျက်ရှိသည်။