စက်တင်ဘာ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏အနာဂတ်ကို စစ်အင်အား၊ လက်နက်အင်အား၊ ဟန်ပြပွဲများဖြင့်မဟုတ်ဘဲ ပြည်သူ့ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ယနေ့၊ စက်တင်ဘာ(၁၅)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာဒီမိုကရေစီနေ့ အခမ်းအနားတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တိုက်တွန်းသည်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH က ဦးဆောင်ကျင်းပသည့် နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားသို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် SCEF အလှည့်ကျဥက္ကဌက ထိုသို့ဆိုထားခြင်းဖြစ်သည်။
မြန်မာ့အနာဂတ်ကို ပြည်သူ့ဆန္ဒဖြင့်သာ ဆုံးဖြတ်ရမည်ဖြစ်သလို ပြည်သူ့ထံ အာဏာပြန်လည်အပ်ရေး အပါအဝင် လက်တွေ့ကျသည့် အရေးယူဆောင်ရွက်မှုများပြုလုပ်ရမည်ဟု ကမ္ဘာတဝန်းရှိ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို SCEF က တိုက်တွန်းသည်။
နိုင်ငံတကာအနေဖြင့် သဘောထားများ ထုတ်ပြန်ရုံမျှမက စစ်အာဏာရှင်စနစ် ရပ်တန့်ရေး၊ လူသားချင်းစာနာမှု အကူအညီများ မြန်မာပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိရေးနှင့် စစ်အုပ်စုကို ထိရောက်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ပေးရမည်ဟု ဆိုသည်။
စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေး SCEF မှ ဆက်လက်ကြိုးပမ်းမည်ဖြစ်သလို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရနှင့်ကြားကာလအုပ်ချုပ်ရေး အဖွဲ့များအားလုံးကလည်း ပိုမိုခိုင်မာစွာ လက်တွဲလုပ်ဆောင်ကြရန်လိုကြောင်း ထုတ်ပြန်ချက်ဖြင့် ဖော်ပြသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီစနစ်သည် နိုင်ငံအတွက် စစ်မှန်ပြီးရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဆောင်ကြဥ်းနိုင်မည်ဖြစ်ကြောင်းလည်း SCEF က မီးမောင်းထိုးပြထားသည်။
ထို့အပြင် စစ်အုပ်စုသည် အတုအယောင်ရွေးကောက်ပွဲနှင့်လွှတ်တော်ကိုဖန်တီးကာ တက်လာသည့် အမည်ခံအစိုးရအဖွဲ့ဖြင့် စစ်အုပ်ချုပ်ရေးကိုတရားဝင်စေရန် စနစ်တကျစီစဥ်လုပ်ဆောင်နေသည်ဟု ဆိုသည်။ တဖက်က တိုင်းရင်းသားဒေသများကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဖိနှိပ်ကန့်သတ်ခြင်းတို့ လုပ်ဆောင်နေမှုသည် စစ်မှန်သည့်ဒီမိုကရေစီလမ်းကြောင်း မဟုတ်ဟု ထုတ်ပြန်ချက်ဖြင့် ထောက်ပြသွားသည်။
CRPH က ဦးဆောင်ပြီး အွန်လိုင်းဖြင့်ပြုလုပ်ကျင်းပခဲ့သည့် ယနေ့အခမ်းအနားကို CRPH ဥက္ကဌနှင့်တာဝန်ရှိသူများအပြင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG ယာယီသမ္မတ နှင့် ခေါင်းဆောင်များ၊ နိုင်ငံတကာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကြားကာလအုပ်ချုပ်ရေးခေါင်းဆောင်များ တက်ရောက်ခဲ့ကြကြောင်းလည်း CRPH မှ သိရသည်။
ထို့အတူ ယနေ့၊ နိုင်ငံတကာဒီမိုကရေစီနေ့အခမ်းအနားကို SCEF အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီတို့ကလည်း သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြသည်။


















