Home သတင်း အကျဉ်းထောင် (၁၃) ခုတွင် မတရား ငွေကြေးကောက်ခံပြီး ဆေးဝါးပေးပို့မှု ကန့်သတ်နေဟု PPNM ထုတ်ပြန်

အကျဉ်းထောင် (၁၃) ခုတွင် မတရား ငွေကြေးကောက်ခံပြီး ဆေးဝါးပေးပို့မှု ကန့်သတ်နေဟု PPNM ထုတ်ပြန်

179
Photo: AAPP

စက်တင်ဘာ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၁၃) ခုတွင် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များမှ ပေးပို့သည့် ငွေကြေးနှင့်ပစ္စည်းများအပေါ် အကျဉ်းထောင်ဝန်ထမ်းများမှ ငွေကြေးကောက်ခံခြင်းနှင့် ဆေးဝါးပေးပို့မှုကို ပိတ်ပင်ကန့်သတ်မှုရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယမန်နေ့ (စက်တင်ဘာလ ၁၃ ရက်) တွင် ထုတ်ပြန်သည်။

PPNM ၏ ပြုစုထားသော မှတ်တမ်းများအရ မေလမှ ဩဂုတ်လအထိ စစ်အုပ်စု လက်အောက်ခံ အကျဉ်းဦးစီးဌာန တာဝန်ရှိသူများသည် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ ငွေကြေးပေးပို့ရာတွင် ငွေပမာဏအပေါ် မူတည်၍ ၂ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ ဖြတ်တောက်ယူနေခြင်းဖြစ်သည်။ ထိုအထဲတွင် မန္တလေး အိုးဘို၊ မိတ္ထီလာနှင့် တောင်ငူအကျဉ်းထောင်တို့က ပိုမိုဆိုးရွားသည်ဟု PPNM က ဆိုသည်။

ယင်းတို့အပြင် ကျိုက်မရော၊ ဒိုက်ဦး၊ ပြည်၊ မြင်းခြံ၊ ရွှေဘိုနှင့် ပေါင်းတည်အကျဉ်းထောင်တို့တွင်လည်း ထောင်ဝင်စာပါဆယ် ပေးပို့ရာ၌ သတ်မှတ်ထားသည့် ပါဆယ်အိတ်များကို ကျပ် ၁,၅၀၀ မှ ၂,၀၀၀ အထိ မဖြစ်မနေ ဝယ်ယူခိုင်းခြင်းရှိသည်။

ငွေရပြေစာဖိုးနှင့် စာရွက်စာတမ်းကြေး အဖြစ် ငွေကောက်ယူရာတွင်လည်း ကျပ် ၅၀၀ မှ ၁၅,၀၀၀ အထိ မိသားစုဝင်ဘက်က ပေးနေရကြောင်း PPNM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်သည့် ဆေးဝါးပေးပို့မှုများကို ကန့်သတ်ထား၍ အိုးဘိုအကျဉ်းထောင်တွင် ဆေးပါဆယ်များ ရောက်ရှိရန် အချိန်ကြန့်ကြာနေသည်။

ဒိုက်ဦး၊ မိတ္ထီလာနှင့် မြစ်ကြီးနားအကျဉ်းထောင်တို့တွင်လည်း လိုအပ်သည့် ဆေးဝါးများ သွင်းယူခွင့်ကို အကျဉ်းထောင်ဝန်ထမ်းများက လုံးဝ ပိတ်ပင်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက “ငြိမ်းချမ်းရေးနဲ့ နိုင်ငံ‌ရေးဆွေးနွေးမှုဆိုပြီး ပြောနေချိန်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ဆက်လက်ဖိနှိပ်နေမယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ ငြိမ်းချမ်းရေးတစ်ခုကိုပဲ အာရုံမစိုက်ပဲ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေကိုလည်း အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းပေးဖို့ လိုပါတယ်” ဟု ဆိုသည်။

အဆိုပါ မတရား ငွေကြေးကောက်ခံခြင်းနှင့် ဆေးဝါးပေးပို့မှု ပိတ်ပင်ထားသည့် အကျဉ်းထောင် ၁၃ ခု၏ အသေးစိတ် အချက်အလက်များအပြင် ယင်းလုပ်ရပ်များတွင် တိုက်ရိုက်တာဝန်ရှိသည့် ထောင်အာဏာပိုင် (ထောင်ပိုင်) များ၏ စာရင်းကိုလည်း နောက်ဆက်တွဲအဖြစ် PPNM က ပူးတွဲ ထုတ်ပြန်ထားသည်။

ထို့အတူ စစ်အုပ်စု၏ အကျဉ်းထောင်အာဏာပိုင်များ ကျူးလွန်နေသည့် မတရား ဖိနှိပ်မှုများကို ပြင်းထန်စွာ ထောက်ပြကန့်ကွက်ထားပြီး ဖြစ်စဉ် အချက်အလက်များကို ဆက်လက် မှတ်တမ်းတင် ထုတ်ဖော်သွားမည်ဖြစ်သည်ဟု PPNM က ဆိုသည်။

၎င်းတို့အနေဖြင့် ကျန်ရှိနေသေးသည့် အကျဉ်းထောင်များကိုပါ ဆက်လက် စောင့်ကြည့်မှတ်တမ်းယူလျက်ရှိကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးကြောင့် အကျဉ်းချခံထားရသူများသည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် စနစ်တကျ ဖိနှိပ်မှုများကို ဆက်တိုက် ရင်ဆိုင်နေရကြောင်း အကျဉ်းထောင်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ပြောသည်။