Home သတင်း မြန်မာပြည် အရှေ့တောင်ပိုင်းက စစ်ရှောင်အမျိုးသမီးများ မလုံခြုံသော ရပ်ဝန်းတွင်ရောက်ရှိနေဟု KHRG ထောက်ပြ

မြန်မာပြည် အရှေ့တောင်ပိုင်းက စစ်ရှောင်အမျိုးသမီးများ မလုံခြုံသော ရပ်ဝန်းတွင်ရောက်ရှိနေဟု KHRG ထောက်ပြ

14
Photo: KHRG

ဇူလိုင်၊ (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဋိပက္ခအတွင်းစစ်ရှောင်နေရသည့် အမျိုးသမီးအများစုသည် ပုံစံမတူသော စိတ်လုံခြုံမှုမရှိ၊ အန္တရာယ်မကင်းသည့် ပတ်ဝန်းကျင်သစ်တစ်ခုတွင် ရောက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က “စစ်ရှောင်အမျိုးသမီးများစိန်ခေါ်နေရသည့် အတွေ့အကြုံများ” အစီရင်ခံစာထဲ၌ ထောက်ပြထားသည်။

“အကြောက်တရားကို အံတုရင်း မြန်မာပြည် အရှေ့တောင်ပိုင်းဒေသရှိ နေရပ်စွန့်ခွာနေရခြင်းနှင့် လုံခြုံရေး ဆိုင်ရာစိန်ခေါ်မှုများကိုရင်ဆိုင် ဖြတ်သန်းနေရသော အမျိုးသမီးများ ၏အတွေ့အကြုံများ” ခေါင်းစဉ်ဖြင့် KHRG က ယမန်နေ့ ဇူလိုင်လ (၂၂) ရက်နေ့က အစီရင်ခံစာတစ်ခုထုတ်ပြန်ခဲ့ပြီး ပဋိပက္ခအတွင်း အရှေ့တောင်ပိုင်းဒေသ အမျိုးသမီးများ၏ စိန်ခေါ်မှုများကို မီးမောင်းထိုးပြထားသည်။

၂၀၂၁ ခုနှစ် နောက်ပိုင်းမှစ၍ အထူးသဖြင့် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီးနှင့် မြေပြင်မှတိုက်ခိုက်မှုများကြောင့် လူနေအိမ်များအပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေးအဆောက်အအုံများ ပျက်စီးရကာ စစ်ဘေးရှောင်အမျိုးသမီးများမှာ အခြေခံလူ့အခွင့်အရေး ခံစားခွင့်မရှိတော့ဘဲ အန္တရာယ်ရှိ ရပ်ဝန်းတွင်ရှင်သန်နေရကြောင်း KHRG က ၎င်းတို့တွေ့ရှိချက်ကို ထောက်ပြသည်။

“ဒီလိုပဋိပက္ခကာလမှာ တခြားသူတွေ ခံစားရသလို အမျိုးသမီးတွေက ခံစားရတယ်။ သို့သော် အမျိုးသမီးတွေက အမျိုးသားတွေထက် ကွာခြားတယ်။ တိုက်ပွဲဖြစ်လို့ တောထဲရှောင်ရတဲ့အခါ သွေးသားအရ အမျိုးသမီးတွေက ကျန်းမာရေးလိုအပ်ချက်ရှိတယ်။ ပြီးတော့ စစ်ရှောင်ချိန်မှာ အမျိုးသမီးတွေက မိသားစုအတွက် ပိုပြီး တာဝန်ယူနိုင်တာကို ပြချင်တာလည်း ဖြစ်တယ်” ဟု KHRG သုတေသနနှင့် စည်းရုံးလှုံ့ဆော်ရေးဒါရိုက်တာ စောအဲလ်ဘတ်က ပြောသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် ကြိမ်ဖန်များစွာ စစ်ရှောင်နေကြရခြင်းသည် စစ်ရှောင်အမျိုးသမီးများအတွက် မလုံခြုံမှုများ အဆက်မပြတ်ခံစားရစေသည်ဟု KHRG က ဆိုသည်။

စစ်ရှောင်အမျိုးသမီးများအတွက် စိတ်ချရသည့် ဝန်ဆောင်မှုများ လက်လှမ်းမမီခြင်း၊ အခြေခံ လိုအပ်ချက်ရရှိရန်နှင့် သွားလာလှုပ်ရှားခွင့်များကိုလည်း ကန့်သတ်ခံနေရကြောင်းလည်း အစီရင်ခံစာအတွက် အမျိုးသမီးများက တင်ပြထားခြင်းရှိသည်။

ထို့အတူ စစ်ရှောင်နေရစဉ် စစ်အုပ်စုက စစ်ရှောင်စခန်း အနီးဝန်းကျင်ဒေသသို့ မကြာခဏတိုက်ခိုက်နေခြင်းကြောင့် စစ်ရှောင်အမျိုးသမီးများသာမက ၎င်းတို့ကို မှီခိုနေရသည့် ကလေးများအပေါ် အန္တရာယ်ကျရောက်စေကြောင်း ဖော်ပြသည်။

KHRG မြေပြင်ကွင်းဆင်းအဖွဲ့များမှ တွေ့ဆုံမေးမြန်းထားသည့် အမျိုးသမီး(၉၀)ရာခိုင်နှုန်းကလည်း ၎င်းတို့ ပြောင်းရွှေ့နေထိုင်ရာဒေသတွင် မလုံခြုံမှုကိုသာခံစားရပြီး တိမ်းရှောင်ရာအရပ်မှာ လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်မှု၊ ဒရုန်နှင့်ကင်းထောက်မှုကြောင့် စစ်ဘေးကြောင့် ရွှေ့ပြောင်းရှောင်နေရခြင်းမှာ အကြိမ်ကြိမ်ရှိနေသည်ဟု ဖြေဆိုကြသည်။

ယင်းအပြင် အာဆီယံ၊ နိုင်ငံတကာအစိုးရနှင့်၊ ကုလသမဂ္ဂအနေဖြင့် တရားဝင်မှုရှိသည့် ဒေသခံအဖွဲ့အစည်းများကို ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် နည်းပညာဆိုင်ရာ ကူညီပံ့ပိုးပေးရန်နှင့် စစ်အုပ်စု ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများအပေါ် နိုင်ငံတကာတရားရုံးတွင် အမှုဖွင့်တရားစွဲဆိုနိုင်ရေး ကူညီပေးရန် အစီရင်ခံစာထဲတွင် KHRG က တိုက်တွန်းထားသည်။

စီးပွားရေးအကြပ်အတည်းကြောင့် နောက်ထပ်နေရပ်စွန့်ခွာမှုမဖြစ်စေရန်နှင့် လက်နက်ကိုင်တပ်ဖွဲ့နှင့် အရပ်ဖက်ဝန်ထမ်းများ၏ မိသားစုဝင်များထံသို့ ဘဏ္ဍာရေးနှင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာပံ့ပိုးမှု အကူအညီများ အပြည့်အဝပေးရန်ကိုလည်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထံ ဆက်စပ်တိုက်တွန်းသွားသည်။

အလားတူ စစ်အာဏာစသိမ်းသည့် ၂၀၂၁ ခုနှစ်မတိုင်ခင် တစ်နိုင်ငံလုံးတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ (၃) သိန်းကျော်သာ ရှိရာမှ အာဏာသိမ်းပြီးနောက် (၃.၇၅) သန်းအထိ မြင့်တက်လာသည်။ ကရင်ပြည်နယ်တွင်လည်း စစ်ရှောင်ဦးရေ ၁၄၄,၀၀၀ ကျော်မှ ၂၀၂၆ ခုနှစ် မေလတွင် စစ်ရှောင်ဦးရေ (၁.၅) သန်းကျော်ရှိလာကြောင်း KHRG ၏ အစီရင်ခံစာက ဖော်ပြသည်။