Home သတင်း မူတြော်တွင် နှစ်ပတ်အတွင်း တိုက်ပွဲ (၃၈) ကြိမ်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၂) ဦး သေဆုံး

မူတြော်တွင် နှစ်ပတ်အတွင်း တိုက်ပွဲ (၃၈) ကြိမ်ဖြစ်ပွား၊ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၂) ဦး သေဆုံး

9
Photo: Social Media

ဇူလိုင် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်/ဖာပွန်ခရိုင်အတွင်း ဇူလိုင်လ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နှစ်ပတ်တာတွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပေါင်း (၃၈) ကြိမ် ဖြစ်ပွားပြီး စစ်အုပ်စုဘက်က(၁၂)ဦးသေဆုံးသွားကြောင်း ကေအဲန်ယူ တပ်မဟာ (၅) က ထုတ်ပြန်သည်။

အဆိုပါရက်အတွင်း နေ့စဉ်ရက်ဆက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၂) ဦး သေဆုံးသည့်အပြင် ဒု-တပ်ရင်းမှူး အပါအဝင် (၃၁)ဦး ဒဏ်ရာရရှိသွားသည်။ ထို့အပြင် စစ်သုံးမော်တော်ယာဥ်(၄) စီးလည်း ပျက်စီးခြင်းရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု တပ်မဟာ(၅) က ဆိုသည်။

ယင်းအပြင် စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၉) ကြိမ်၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၁) ကြိမ်နှင့် လက်နက်ကြီးပစ်ခတ်မှု(၅) ကြိမ် တိတိအား ရက်ဆက်လုပ်ဆောင်ခဲ့ရာ မူတြော်ခရိုင်နေ ဒေသခံ (၅) ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်နှင့်ဘုန်းကြီးကျောင်းများပါ ပျက်စီးခြင်းရှိကြောင်း သိရသည်။

ဒေသတွင်းသတင်းအရင်းအမြစ်များအရ မူတြော်ခရိုင်တွင် ပြီးခဲ့သည့် မေလကတည်းက ကေအဲန်ယူနယ်မြေကိုထိန်းချုပ်ရန် အင်အားအလုံးအရင်းဖြင့် စစ်အုပ်စုစစ်ကြောင်းထိုးလာပြီး လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများမှာ လနှင့်ချီကာ စစ်ဘေးရှောင်နေရသည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လတစ်လလုံးတွင်လည်း နှစ်ဖက်တိုက်ပွဲပေါင်း(၇၆) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်မှ (၂၃) ဦး သေဆုံးကာ (၅၄) ဦး ဒဏ်ရာရရှိခဲ့သည်။

တဖက်တွင် စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဒေသခံ (၂) ဦး သေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၅)ဘက်က ထုတ်ပြန်ခဲ့သည်။