Home သတင်း မဲဆောက်တွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွား

မဲဆောက်တွင် မြန်မာနိုင်ငံသားများ ပါဝင်သည့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွား

13
Photo: รอบทิศ News

ဇူလိုင် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့တွင် အဆင့်မြင့်ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများကို အကောက်ခွန်မဖြတ်ဘဲ တရားမဝင်သိုလှောင်မှု အပါအဝင် လူသတ်မှု စသဖြင့် မြန်မာနိုင်ငံသားများ ပါဝင်ပတ်သက်နေသော ရာဇဝတ်မှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၂၁)ရက်နေ့က မယ်ပကျေးရွာ၊ အမှတ် (၁၀) တွင် လုပ်အားခရှင်းမပေးသော မြန်မာနိုင်ငံသား အလုပ်သမားခေါင်းဆောင်ကို အခြားအလုပ်သမား (၂) ဦးက သတ်ဖြတ်သည့်ဖြစ်စဥ် ဖြစ်ပွားခြင်းရှိခဲ့သည်။ ထိုတစ်ရက်တည်းတွင် မြို့ပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ မြန်မာလုပ်သား (၂) ဦး သောက်စားရန်ဖြစ်ရာမှ ဓားထိုးသတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။

မဲဆောက်အာဏာပိုင်များက ယင်းလူသတ်မှုကျူးလွန်သည့် တရားခံများကို အချိန်မီဖော်ထုတ် ဖမ်းဆီးကြောင်း ကြေညာခဲ့ပြီး တစ်ဆက်တည်းမှာပင် စွမ်းရည်မြင့် FPV အမျိုးအစား ဒရုန်းများကို နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ပို့ဆောင်မည့် မြန်မာနိုင်ငံသား ၁ ဦးမှာလည်း ဇူလိုင်လ(၂၁)ရက်နေ့တွင်ပင် အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်းရှိသည်။

ယခုနှစ်ထဲ အထူးသဖြင့်လက်ရှိအချိန်သည် ထိုင်းနိုင်ငံတဝှမ်း အမျိုးသားရေးလှုပ်ရှားမှုများ အရှိန်ကောင်းနေပြီး ရွှေ့ပြောင်းမြန်မာနှင့် နိုင်ငံခြားသားများကို ဦးတည်သော အရေးယူဆောင်ရွက်မှုများရှိနေကြောင်း ထိုင်းအစိုးရအဖွဲ့၏လှုပ်ရှားမှုများမှ သိရသည်။

Photo: รอบทิศ News

ယင်းကြောင့် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာများ နေထိုင်သွားလာရေး ပိုမိုကြပ်တည်းလာမည့်အပေါ် စိုးရိမ်ထိတ်လန့်မှုရှိနေပြီး အမှုအခင်းမဖြစ်စေရေး သတိထားဆင်ခြင်နိုင်ကြရန် မြန်မာနိုင်ငံသားအသိုင်းအဝိုင်းက လိုလားလျက်ရှိသည်။

“ထိုင်းမှာ တစ်ခုခုဆို မြန်မာပြည်သား မဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတဲ့အနေအထားပေါ့။ ဖြစ်ပြီဆိုရင်လည်း နေရထိုင်ရတာ တအား ကျပ်တည်းတယ်။ အပြောအဆိုခံရတာလည်း ရှိတယ်။ ကျနော်တို့တွေ သွားလာနေထိုင်တာ သတိထားဖို့၊ တတ်နိုင်ရင်တော့ ရာဇဝတ်မှု မကျူးလွန်ဖို့ဖြစ်တယ်။ ဆောင်ရန်၊ ရှောင်ရန်လေးတွေ သိထားရင် ပိုကောင်းတာပေ့ါ” ဟု မဲဆောက်အခြေစိုက် ရခိုင်အလုပ်သမားအဖွဲ့(AWO)ဥက္ကဌ ကိုနိုင်အောင်အောင်က ပြောသည်။

ထို့အပြင် ထိုင်းရှိ အာဏာရပါတီအချို့သည် အမျိုးသားရေး ဦးစားပေး ပါတီများဖြစ်သောကြောင့် “နှုတ်ခမ်းမွှေး”ဟု လူသိများသည့် ထိုင်းမျိုးချစ်(မဘသ)အဖွဲ့ကို ကျောထောက်နောက်ခံပေးခြင်း၊ ရွှေ့ပြောင်းလုပ်သားများကို နည်းအမျိုးမျိုးဖြင့်ဖိအားပေးခြင်းနှင့် အမှုကျုးလွန်ပါက ပြည်နှင်ဒဏ်အထိ အရေးယူဖို့ရှိကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့် ဇူလိုင်လ(၁၄)ရက်နေ့ကလည်း ထိုင်းအစိုးရအဖွဲ့သည် ၎င်းတို့နိုင်ငံအတွင်း နိုင်ငံခြားသားများ အမှုကျူးလွန်ပါက ပြည်နှင်ဒဏ်အထိ ပေးနိုင်သည့် စည်းမျဥ်းလုပ်ထုံး(၆)ချက်ကို အတည်ပြုခဲ့ခြင်းရှိသည်။