Home သတင်း KK Park ခြံဝန်းနေရာမှစစ်အုပ်စုက ဖလူး-မင်းလက်ပံဘက်သို့ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေ

KK Park ခြံဝန်းနေရာမှစစ်အုပ်စုက ဖလူး-မင်းလက်ပံဘက်သို့ ဒရုန်းနှင့်လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်နေ

21
Photo: CJ

ဇူလိုင် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ရာမတီး/မြဝတီမြို့နယ်၊ မြို့တောင်ပိုင်းရှိ မင်းလက်ပံနှင့်ဖလူးကျေးရွာများဘက်သို့ KK Park ခြံဝင်းနေရာမှစစ်အုပ်စုက ယမန်နေ့ (ဇူလိုင် ၇ ရက်)ညပိုင်းမှ လက်ရှိအချိန်ထိ လက်နက်ကြီးနှင့် အသေခံဒရုန်းများအသုံးပြု ပစ်ခတ်တိုက်ခိုက်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်(၅)ရက်မှ(၆) ရက်နေ့အထိ ဖားအံအခြေစိုက် စစ်အုပ်စု တပ်မ(၂၂) မှ မြဝတီခြေလျှင်တပ်ရင်း ခလရ- ၂၇၅ သို့ တပ်ဖွဲ့ဝင် (၃၀၀) ဝန်းကျင်အပါအဝင် လက်နက်ခဲယမ်းများဖြင့် အင်အားဖြည့်တင်းထားခြင်းဖြစ်သည်။

ထို့နောက် ယမန်နေ့တွင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်လုပ်ငန်းနယ်မြေအဖြစ် နာမည်ကျော်ခဲ့သည့် KK Park နေရာသို့ရောက်ရှိလာပြီး တပ်အထိုင်ချ၊ ပစ်ခတ်နေခြင်းဖြစ်သည်ဟု တပ်မဟာ(၆)အခြေစိုက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ဖွဲ့ဘက်က ဆိုသည်။

“ဖားအံက တက်လာတာ ကား(၃၂)စီး၊ မြဝတီ ၂၇၅ ကိုရောက်တယ်။ မနေ့က ညနေပိုင်းမှာ KK Park ကနေ လက်နက်ကြီးစထုတာ အခုမနက် ၉နာရီကျော်အထိပဲ။ ပြီးမှ စစ်ကြောင်းတက်လာမယ်ထင်တယ်” ဟု အမည်မဖော်လိုသည့် KNLA တပ်ဖွဲ့ဝင်က ပြောသည်။

စစ်အုပ်စုဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးများမှာ ဖလူးလမ်းမ၊ မင်းလက်ပံကျွန်းတောစု နှင့် သုံးထပ်ကွေ့ ကျော်ဝါးဘိုးတောင်ကြောနေရာများသို့ ကျရောက်ခဲ့ခြင်းရှိကြောင်းလည်း ကရင်စစ်ရေးသတင်းအရင်းအမြစ်ကဆိုသည်။

ထို့အပြင် ကနဦးသတင်းရေးသားချိန်အထိ လက်နက် ကျရောက်ပေါက်ကွဲသံများကိုလည်း ကြားနေသည်ဟု ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များပြောကြားချက်အရ သိရသည်။

ထို့အတူ ယမန်နေ့မနက်ပိုင်းကလည်း လေးကေ့ကော်မြို့သစ်ထဲသို့ ခဲယမ်းနှင့်လက်နက်များအပါအဝင် လူအင်အား(၂၀၀)ဝန်းကျင်ခန့်ရှိ စစ်အုပ်စုစစ်ကြောင်းများ ရောက်ရှိလာပြီး ၎င်းတို့တွင် ဖားအံမှရဲတပ်ဖွဲ့၊ တပ်ရင်းများလည်း ပါဝင်လာကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။